" အစ်ကိုတော် မကြောက်သွားပါနဲ့နော် "
လေသံမှာ ရှုံ့ ချမူတို့မပါ။ သဘောရိုးအတိုင်းသာ လန့်သွားမည် စိုး၍ ကြိုတင်အသိပေးတာသာ ဖြစ်သည်။
မိုးထိုးနေတဲ့ အရပ်၊ ကာယဗလမောင်တွေလို ကျယ်ပြောတဲ့ ပုခုံးနဲ့ ရင်အုပ်ပိုင်ဆိုင်သူ အဖို့ ဒီလောက်ကြီးထိ ကြောက်မယ်လို့လဲ သူမထင်။ အေးဆေး တည်ငြိမ်နေတဲ့ ထိုက်ခွန်းကိုကြည့်ပြီး သူမ သက်ပြင်းချ နိုင်သွားသည်။
အမှန်စင်စစ် ထိုက်ခွန်းမှာတော့ ဝတ်ရုံရှည် ဖုံးအုပ်နေတဲ့ ကြက်သီးမွှေးညှင်းတွေ ကြောင့် တစ်ကိုယ်လုံး ချမ်းစိမ့်စိမ့်။ သွေးမြေကျ တိုက်ပွဲများစွာကို ရင်ဆိုင်လာသူဖို့ မမြင်ရသေးတဲ့ အရာကို ထိတ်လန့်ဖို့အထိ မဖြစ်သင့်ကြောင်း သူ့ကိုယ်သူ အားပေး နေလေရဲ့။
အပင်တွေရဲ့ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သံနဲ့အတူ သူ့တို့ ဝန်းကျင်မှာရှိတဲ့ အပင်ကြီးတစ်ချို့ ယိမ်းယိုင်ကုန်လာတယ်။
ထိုက်ခွန်း၏ မျက်လုံးအိမ်က စိုးရိမ်နေသလောက် ဗြောလေး၏ မျက်ဝန်းများကား ရွှန်းစိုကာ ပျော်မြူးနေပေ၏။
" ရောက်လာကြပြီလား ... ကလေးတို့"
" ကလေး?"
ထိုက်ခွန်းက နားမလည်စွာ ပြန်မေးသည့် အခိုက်အတန့် အပင်ကြီးတွေကြား အစွယ်ကြီး တစ်ကားကားနဲ့ အကောင်ကြီးကို မြင်လိုက်သည်။
အံသြလို့မှ မဆုံးသေး၊ သူ့နောက်ကျောကနေ ငေါထွက်နေသော အစွယ်ကြီး နှစ်ချောင်းနဲ့ ဖြူစွတ်နေသော ကျားကြီးတစ်ကောင် ထွက်လာပါ၏။
" ကလေး ... လာ!!"
ထိုက်ခွန်းက ဗြောလေးအနား တိုးဝှေ့နေသော ကျားကြီးနှစ်ကောင်ကို ကြည့်ပြီး တစ်အံတစ်သြနှင့် ။ ဘယ်လို ကလေးက အဲ့လောက်ထိ ကြီးနေလို့လဲ မေးချင်သည်။
အဖြူစွတ်စွတ်နဲ့ မဲနက်နေသော ကျားကြီး နှစ်ကောင်ဖြစ်သည်။ ပုံမှန် ကျားများထက် ဆယ်ဆမက ကြီးမားလွန်းကာ ငေါထွက် နေသော အစွယ်များကပင် သာမာန်လူ လက်တံတောင်ထိ ရှည်လျားသည်။ ရှည်လျားတုတ်ခိုင်သော အမြီးကြီးများသည် သခင်ကို တွေ့ရ၍ မြေပြင်ပေါ် တစ်ဘုတ်ဘုတ်နဲ့ ရိုက်ခတ်ကာ လွှဲနေပါ၏။
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop