စေ့စပ်ပွဲအပြီး သုံးရက် အနားယူအပြီးမှာ ပြည်တော်ပြန်ဖို့ အချိန်ကျလာသည်။ ပြည်မကြီးမှ စစ်သင်္ဘောကြီးများမှာလည်း ခရီးဆက်ဖို့ အဆင်သင့်ဖြစ်နေလေပြီ။
ဆိပ်ကမ်းအထိ ထိုက်ခွန်းက လိုက်ပို့ပေးသည်။ တာခွန်းနှင့် နျဉ်ရီရှောင်လည်း အပါအဝင် လိုက်ပါလာသည်။ သူတို့နှစ်ဦးလည်း ဧကရာဇ်ထွက်ခွာသွားတာနဲ့ နေရပ်ကို ချက်ချင်းပြန်မှာ ဖြစ်သည်။
ပြည်တော်ပြန်ရမည် ဖြစ်သော မင်းသမီးငယ်သည် အမွှာအစ်ကိုနှစ်ဦး၏ လက်ကို ကိုင်ဆွဲကာ ဆိပ်ခံတံတားဘက်ကို ပျော်ပျော်ကြီး ပြေးသွားတော့သည်။ အမွှာမင်းသားတို့နှင့် ဗြောလေးမှာ နှစ်နှစ်သာ ကွာသော်လည်း လူကောင်ချင်းက ကွာခြားလွန်းလှသည်။ စိတ်ချင်းကတော့ အတူတူသာ ဖြစ်သည်။ လူကြီးစိတ် တစ်ပိုင်းနှင့် ကလေးစိတ်တစ်ပိုင်းသာ ရှိနေကြဆဲ။
ထိုက်ခွန်းမှာ သူ့ကို တာ့တာပြနေသော ဗြောလေးကို အပြုံးတောင့်တောင့် ကြီးနဲ့ ပြန်လက်ထောင်ပြလိုက်သည်။ သူက ငယ်ရွယ်သေးသော ကလေးငယ်အား ချစ်ကြောင်း၊ ကြိုက်ကြောင်း စကားတို့လည်း မဆိုသင့်သေးကြောင်း သတိထားနေ၍ ဘာမှမကြိုးစားသေး။ ကလေးငယ်က သူ့ကို အတင်းအကြပ် စေ့စပ်သည့်အသွင်နှင့် အမြင်မှားလည်း ကြောက်ရသည်ကြောင့် အလျင်စလို လုပ်၍ မဖြစ်ကြောင်း သတိချပ်နေရသည်။ သူ့ကို ခင်မင်ရင်းနှီးလွယ်သော အစ်ကိုကြီး တစ်ဦးအဖြစ် မှတ်ယူထားသည်က ဒီအချိန်မှာ အကောင်းဆုံးပဲဖြစ်သည်။
တာခွန်းမှာ ထိုက်ခွန်းကို ဆိပ်ခံတံတားအောက်သို့ တစ်ခါပြန်ကန်ချ ချင်နေပြန်သည်။ နျဉ်ရီရှောင်ရဲ့ ဘီးတပ်ကုလားထိုင်ကိုသာ သူ မကိုင်ထားရင် ကန်ချပြီးနေပြီ ။
ဧကရာဇ်ရှေ့တည့်တည့်မှာ ဧကရာဇ်သမီးကို စိုက်ကြည့်နေတာများ မျက်နှာသေကြီးက မျက်လုံးရွဲကြီးနှင့်။ မသိလျှင် လင်က စစ်ထွက်သွားလို့ ကျန်ခဲ့ရတဲ့ မုဆိုးမတစ်ပိုင်း မိန်းမကြီး မျက်နှာနှင့် တူလှသည်။
တာခွန်းက ချောင်းအသာဟန့်ကာဖြင့် ထိုက်ခွန်း၏ ခြေဖနောင့်ကို သူ့ခြေထိပ်ဖြင့် လှမ်းကန်လိုက်သည်။ အလိုက်ကမ်းဆိုး မသိလှသော ထိုက်ခွန်းမှာ မျက်မှောင်ကြုံ့ စွာဖြင့် လှည့်ကြည့်လို့လာသည်။
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop