" ရှင်းလေးနဲ့ ယင်းလေးကို ပြန်ခေါ်ထားတယ်။ သူတို့ ရောက်တာနဲ့ မင်္ဂလာပွဲ စနိုင်ပြီ!"
ဤသည်က ဝမ်ယောလ်လျော့ချပေးနိုင်သော နောက်ဆုံးအောက်ထစ် ဖြစ်သည်။ ဘတ်ဟျွန်းလည်း နောက်ထပ် ညှိနှိုင်းတာမျိုး မလုပ်ပေ။
ထိုက်ခွန်းအတွက်ကတော့ ဤသည်ကပင် မျှော်လင့်ချက်ရောင်ခြည်လေး ရှိနေလေပြီ။ ယောက်ဖတော်နှစ်ဦး ကမ္ဘာပတ်နေ၍ ရောက်ရာအရပ်ကနေ တောင်ပိုင်းအင်ပါယာသို့ အပြန်မှာ နှစ်တစ်ဝက်လည်း ကြာနိုင်သလို တစ်နှစ်သို့မဟုတ် နှစ်နှစ်လည်း ဖြစ်နိုင်သည်။
သတင်းပေးခြင်းကတော့ ထင်ထားတာထက် မြန်နိုင်သည်။ ဗြောလေး လေ့ကျင့်ပေးထားသည့် စာပို့ငှက်များက ကမ္ဘာတစ်ဝက်လောက်ကို ခရီးဆန့်နိုင်ကြသည်။ ဤနည်းဖြင့်ပဲ ဝေးကွာလှသည့် ထိုက်ချီပြည်နှင့် တောင်ပိုင်းအင်ပါယာမြို့တော်သို့ အဆက်အသွယ် မပြတ်အောင် ချိတ်မိနိုင်ခဲ့သည်။ ဗြောသည်လည်း ထိုက်ခွန်း နေ့စဥ်လုပ်သမျှ ပြောချင်သမျှကို စာအဆက်အသွယ်ဖြင့် နေ့တိုင်းရသည်။ အနေဝေးပေမဲ့ သူတို့နှစ်ဦး၏ ဆက်သွယ်မူက ခိုင်မာနေဆဲပင်။
စာတွေထဲကနေပဲ တစ်ဦးကိုတစ်ဦး နားလည်လာရသည်။ ဤသည်ကပဲ သူတို့နှစ်ဦး၏ အနေဝေးနေမူကို မေ့ထားစေသလို ဖြစ်စေသည်။
ထိုက်ခွန်း အင်ပါယာနန်းတွင်းသို့ ပြန်လည် ခြေချနိုင်ချိန်တွင် အလိုက်တသိဖြင့် ဗြောလေးအား သွား၍ မတွေ့သေးပါ။ သည်အချိန်က လက်ထပ်ပေးရမည့် မိဘနှင့် သားသမီး အကြား ထိရှလွယ်သည့် အချိန်ဖြစ်သည်။ ဗြောလေးသည်လည်း သူ့ကို လာမရှာပါ။ တစ်ဦးကိုတစ်ဦး လွမ်းဆွတ်ခြင်းများစွာ ရှိထားသော်လည်း ယခုအချိန်တွင်တော့ ခဏတာ လျစ်လျူရှူထားရသည်။
နားနေမည့် အဆောင်သို့ ရောက်လာသော အခါ စစ်စလီငှက်ကလေးတစ်ကောင် အခန်းထဲ ပျံသန်းနေသည်ကို တွေ့လိုက်ရသည်။ ထိုငှက်ကလေး၏ ပါးစပ်ထဲတွင် စာရွက်ပိုင်း သေးသေးလေးရှိ၏။ ထိုက်ခွန်း ယူကြည့်သောအခါ သေသပ်သည့် စာလုံးကလေများကို စီစီရီရီတွေ့ရသည်။
❝ ကောင်းကောင်းအနားယူပါ။❞
ထိုစာရွက်ကလေးကို သူ သွားလေရာ ယူ လာသည့် စာအုပ်ကြီးထဲ ဖယောင်းကော်ဖြင့် သေချာ ကပ်ထားလိုက်သည်။ အဖုံးထူထူ စာအုပ်ကြီးထဲတွင် စာရွက်အပိုင်းကလေးများ၊ စာလွှာများ၊ အရောင်စုံအရွယ်စုံကို သေချာ စုစည်းထားသည်။
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop