ဦးရဲ့ကမ္ဘာငယ်
"ဖြေနိုင်လား..."
"ဟုတ်..."
ကျောင်းရှေ့တွင် စောင့်နေသောဦးထံမှ အမေးစကားကို ကြားလိုက်ရတာမို့ အတိုင်းမသိဝမ်းသာ သွားရသည်။ သူ့ကိုစောင့်ဆိုင်းပေးရန် အထူးတလည် မတောင်းဆိုခဲ့ပါသော်ငြား ဦးကိုယ်တိုင်က လာရောက်ကာ သူ့ကိုစောင့်နေသည်မို့ ပျော်ရွှင်မှုသည် မျက်နှာတွင် အတိုင်းသားပေါ်လွင်နေသည်။ ကြယ်စင်လင်းနှင့် နွယ်သက်ခိုင်ပင် ကြည့်မရချင်တော့။
"ရှိုင်းထက်အောင်တို့များ
ပိုလွန်းတာကော..."
"ဟုတ်ပ...
အချိုးတွေပြောင်း"
သူငယ်ချင်းတွေရဲ့ ဝိုင်းဝန်းထောပနာ ပြုသံကိုကြားတော့ ဦးကရယ်သည်။ သူလည်း အပျော်လွန်နေသော သူ့ကိုယ်သူ သတိထားမိသွားတာမို့ မျက်နှာပိုး အမြန်သတ်ကာ ရှက်ရှက်နှင့် ခေါင်းကုတ်မိသွားသည်။
"ဦးလာလို့
အရမ်းပျော်သွားတာ"
"ဦးကဒီလိုပဲ
လမ်းကြုံလို့လာလိုက်တာပါ
အထွေအထူးမဟုတ်ပါဘူး"
"ကျွန်တော့်ဆီကို
သက်သက်လာတာ
မဟုတ်ဘူးလား"
မျက်နှာငယ်သွားသော ကောင်လေးကိုကြည့်ရင်း ရယ်ချင်စိတ်ကိုမျိုချကာ မျက်နှာတည်တည်နှင့် ပြန်ပြောလိုက်သည်။
"ဦးကအလုပ်ကိစ္စနဲ့
လမ်းကြုံလို့ပါ
ပြီးတော့
ကြယ်စင်လေးနဲ့လဲ
မတွေ့တာကြာပြီလေ
အဲ့တာကြောင့်လာခဲ့တာ"
ဘုန်းမြတ်သူ သူ၏လေသံကိုထိန်းပြောရင်း မျက်စိရှေ့ကရှိုင်းထက်အောင်ကို အကဲခတ်နေမိသည်။
"အဟမ်း...
ဦးဦးကကျွန်တော်နဲ့
မတွေ့ရတာကြတော့
ကျွန်တော့်ကိုလွမ်းလို့လား"
ကြယ်စင်ဆိုသည့်ကောင်လေးမှာလဲ မီးလောင်ရာလေပင့်တတ်သော ကလေးဆိုးတစ်ယောက်ပင်။ သူတို့သုံးယောက်သား၏ မသိစိတ်တွင် တစ်ယောက်နှင့်တစ်ယောက် ခိုင်မြဲသောသံယောဇဉ်ကို ချည်နှောင်လို့ထားလေသည်။ တစ်ယောက်တည်းသီးသန့်ဖြစ်နေသယောင် ခံစားလာရသည်မို့ နွယ်သက်ခိုင် နာကျင်စွာပြုံးလိုက်မိသည်။ သူ့ဘဝသည်လည်း တစ်ချိန်ကထိုကဲ့သို့သော သံယောဇဉ်တွေ ပိုင်ဆိုင်ခဲ့ဖူးပါသည်။ သို့သော်လည်း ထိုအရာများအား သူကိုယ်တိုင်ပင် ဖျက်စီးပစ်ခဲ့မိပါသည်။ အတိတ်ဆီသို့ ပြန်လည်ရောက်သွားသော စိတ်အစဉ်ကိုပြန်လည် ဖမ်းယူရင်း ပြောင်စပ်စပ် မျက်နှာပေးကို ပြန်လည်ဖန်တီးယူလိုက်သည်။
"အိုက်ယား...
ဒီကFujoshiကြီးက
မဆီမဆိုင်ချဉ်နေရတာ
အဆင်မပြေလှဘူး"
ရွှတ်နောက်နောက်နှင့် ပြောတတ်သောမိန်းကလေးအား ဘုန်းမြတ်သူအကဲခတ်လိုက်မိသည်။ ထိုကောင်မလေးသည်လည်း သီရိမေလို ကောင်မလေးတစ်ယောက်ပေ။ သီရိမေကဲ့သို့ ဖြူစင်သောမျက်ဝန်းများ မရှိသည်လွဲ၍။ ထိုကောင်မလေးသည်လည်း လျို့ဝှက်ချက်များနှင့် မိန်းကလေးတစ်ယောက်ပါလေ။ သူဟာလူအကဲခတ်တော်လွန်းပါလျက် ဘာကြောင့်များ သူ့ထံချဉ်းကပ်လာသော ရှိုင်းထက်အောင်ကိုတော့ သတိမထားခဲ့မိသလဲ။
"ကျွန်တော်တို့စာမေးပွဲပြီးပြီ
ဦးဦးမုန့်လိုက်ဝယ်ကျွေးမလား"
ကြယ်စင်လင်းဆိုသည်မှာ အစားကိုပို၍ မက်မောတတ်သော လူတစ်ယောက်ပင်။ သို့သော်ငြား သူ၏ကလေးဆန်လှသော ချစ်စဖွယ်မျက်နှာလေးနှင့် အလျှောက်ကောင်းသောကြောင့်သာ ထိုကောင်လေးအား စိတ်ဆိုးဖို့ထက် ချစ်မြတ်နိုးမှုသာ ပိုလာမည်ဖြစ်သည်။
"အွန်း...ကျွေးမယ်
ဦးကိုပဲကပ်မချွဲနဲ့
ကိုယ့်လူကိုယ်ထိန်းသိမ်း"
ဘုန်းမြတ်သူရည်ရွယ်သည့် 'ကိုယ့်လူ'ဆိုသည်မှာ ဟိန်းသက်လင်းကိုပြောခြင်းဖြစ်မှန်း ကြယ်စင်သိလိုက်သည်။
"ဦးဟိန်းသက်လင်းက
ဘာဖြစ်လို့လဲ"
အတန်ကြာတိတ်ဆိတ်နေသည့် ရှိုင်းထက်အောင်ကတော့ စိတ်ဝင်စားဟန် မေးခွန်းထုတ်လာသည်။ ကြယ်စင်လင်းနှင့် ဦးဟိန်းသက်လင်း၏ ပတ်သတ်မှုကို သူသိထားသည်။ စိတ်ဝင်စားလွန်းသည်မဟုတ်ပေမဲ့ ဦးဘက်မှ သူ့ကိုစကားပြန်မည့် အကြောင်းအရာဖြစ်ပါက စပ်စုစည်ဟုပြောလည်း အရေးလုပ်မည်မဟုတ်ပါ။
"မင်းကစိတ်ဝင်စားလို့လား"
မျက်ခုံးတစ်ဖတ်မြှင့်တင်ရင်းပြောသည့် ဦးက အလိုမကျသည့်ဟန်။
"မဟုတ်ပါဘူး
ကျွန်တော်ကဦးကလွဲ
ဘယ်သူ့ကိုမှစိတ်မဝင်စားပါဘူး"
ပိုတတ်ရန်ကော ဟူသောမျက်နှာနှင့်ပြန်ကြည့်လာသည့် ဦးကတစ်ကယ်ကိုအသည်းယားစရာ။
"ဟေး...
ချစ်သူရည်းစားတွေ
ချစ်စကားကြိုက်စကားတွေ
ပြောမယ်ဆိုနေခဲ့ပေတော့
ဗိုက်ဆာလှပါပြီလို့ဆို"
"ချစ်သူရည်းစားမဖြစ်သေးပါဘူး"
ဦးရဲ့အသံအေးအေးလေးကိုနားထောင်ရင်း ရှိုင်းထက်အောင်ရယ်လိုက်မိကာ လိုအပ်နေသောစကားလေးကို ဖြည့်စွက်ပြောလိုက်သည်။
"ဖြစ်တော့မှာ
ချစ်သူရည်းစားမဟုတ်ဘူး
ကျွန်တော့်ရဲ့သတိုးသား"
"ဟွန့်...ပိုတတ်လွန်းတာကော"
ထိုကဲကဲသဲသဲ ရှိုင်းထက်အောင်၏ စကားသည် နွယ်သက်ခိုင်အား ကြည့်မရဖြစ်သွားစေသည်။
ပြောရဲဆိုရဲသည့် ရှိုင်းထက်အောင်ကြောင့် ဘုန်းမြတ်သူခေါင်းခါမိသည်။ သူဟာကလေးတစ်ယောက်နှင့် ပြိုင်ငြင်းနေရမည့် အရွယ်မဟုတ်တော့ပါ။ သူ့အနေနဲ့ ရှိုင်းထက်အောင်ကို ပျော်သလိုသာလွှတ်ပေးထားလိုက်တာက ပို၍အေးချမ်းသည်။
++++++++++++++++
"စားသောက်ဆိုင်
ဘယ်နှခုလောက်ပိုင်သလဲ"
"ရန်ကုန်မှာရှိတာကို
မေးချင်တာလား"
နွယ်သက်ခိုင်သည် အသက်ငယ်ငယ်နှင့် စီးပွားရေးလုပ်ငန်းထဲ လည်လည်ဝယ်ဝယ်ရှိနေသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ ဦးဘုန်းမြတ်သူလို စီးပွားရေးလုပ်ငန်းရှင်ကြီးနှင့် စကားပြောရသည်က သိပ်ကိုဝန်လေးလွန်းတဲ့အရာတစ်ခုဖြစ်ပေမဲ့ နွယ်သက်ခိုင်အတွက်တော့ ပေါ့ပေါ့ပါးပါးပင်။
"အင်း...ရန်ကုန်တွင်းမှာပဲ"
"ဟုတ်...ရန်ကုန်အတွင်းမှာတော့
နွယ်ပိုင်တာနှစ်ဆိုင်တည်းပါ
Hydrangea Cafeနဲ့
အခုChilli Malaပါပဲ
အစ်ကိုပိုင်တာတော့
Bar & Restaurant တွေများမယ်
သူကတော့ယောက်ျားလေးကိုး"
"ဪ...အသက်က..."
"အစ်ကိုက25ပါ...ဟီး
ကြုံတုန်းမိတ်ဆက်မလို့ရယ်
Hydrangeaမှာmenu
အသစ်တစ်ခုထပ်တိုးတယ်
cherry macaron
ဦးကိုအစမ်းပို့ပေးလိုက်မယ်
ရှိုင်းထက်အောင်နဲ့"
"သူကဘာလို့
ပါလာပြန်တာတုန်း"
"ဟီး...ဟီး
သူနဲ့ဦးကတစ်ကယ်လိုက်တာ"
Counterတွင်အစားအသောက်မှာနေသော ရှိုင်းထက်အောင်နှင့်ကြယ်စင်လင်းမှာတော့ အနေအေးသည့်ဦးဘုန်းမြတ်သူကို စကားသွားများနေသော နွယ်သက်ခိုင်အား နားမလည်နိုင်တော့ပေ။
"ဟိုမှာ...
မင်းအစ်မလတ်...
မမလင်းလက်ထွန်း"
"ဪ...တည်ငြိမ်တဲ့
ငါ့အစ်မတောင်
အလုပ်လစ်ပြီး
ရည်းစားနဲ့လာချိန်းတွေ့သကိုး"
ဆိုင်အတွင်းလှည့်ပတ်ကြည့်နေရင်း မောင်ဖြစ်သူကိုမြင်လိုက်ရတဲ့ လင်းလက်ထွန်းမှာတော့ ချက်ချင်းပင်အိမ်ပြန်ပြေးချင်စိတ်ပေါက်သွားရသည်။ ကံကြမ္မာရယ် တစ်ကယ်ပဲ သူ့ကိုသတ်ချင်နေတာလား။
ရှိုင်းထက်အောင်နှင့် အကြည့်ချင်းဆုံးမိတော့ ယောင်နနနှင့်ပြုံးပြလိုက်ပါသည်။ ဒီအစ်မနဲ့ဒီမောင်တွေ့တာ မျက်နှာလွှဲခဲပစ်လုပ်လို့မဖြစ်။ အလိုက်ကန်းဆိုးမသိသော ရှိုင်းထက်အောင်သည် လက်ပြ၍ပင် သူ့ကိုလာနှုတ်ဆက်နေသေးသည်။
"ဟေး...
နွယ့်ဆိုင်ကိုလာစားရင်
ကိုကိုလဲပိုက်ဆံပေးရမှာနော်
အလကားမရဘူးနော်"
"ဟောဗျာ...
မိနွယ်ရယ်"
ခဏ...။
ရှိုင်းထက်အောင်ကြောင်သွားသည်။
နွယ်သက်ခိုင်ကအစ်မရဲ့ရည်းစားကို ကိုကိုလို့လှမ်းခေါ်လိုက်သည်လား။ အစ်မလင်းလက်ထွန်းကလဲ ရယ်နေသည်။ စိတ်မဆိုးဘူးတဲ့လား...။ ဘာတွေလဲ...သူတစ်ကယ်ကိုနားမလည်နိုင်တော့။
"အိုမို...
မိသားစုကြီးလာစုံသလိုပဲ"
နွယ်သက်ခိုင်က သူ့မူအတိုင်း အပြုံးမပျက်ပြောလာသည်။ အနေခက်နေကြသော အခြေအနေကို လုံးဝကို အရေးမစိုက်ခြင်းပင်။
"တွေ့ရတာဝမ်းသာပါတယ်
ညီမလေးနွယ်..."
"အာ...မမကလဲမဟုတ်တာ
နွယ်လို့ပဲခေါ်ပါဆို..."
"ဦးဘုန်းမြတ်သူကိုလဲ
တွေ့ရသာဝမ်းသာပါတယ်ခင်ဗျ..."
"အင်း...ဒီကသက်အောင်နိုင်ထင်ပါရဲ့"
"အဟား...ဟုတ်ပါတယ်ဗျ...
ဦးဘုန်းမြတ်သူလို
စီးပွားရေးလုပ်ငန်းရှင်းတစ်ယောက်က
ကျွန်တော့်လိုမဖြစ်စလောက်
လုပ်ငန်းရှင်ပေါက်စကိုသိနေတာ
ကျွန်တော်ဂုဏ်တောင်ယူမိတယ်ဗျာ..."
"ဟောဗျာ...အခုလိုမျိုးဂုဏ်တင်တော့
မျက်နှာဘယ်နားထားရတော့မလဲ"
ဒါဟာ လုပ်ငန်းရှင်တွေကြားမှာရှိတဲ့ သာမန်ချီးကျူးဂုဏ်ပြုမှုတွေပင်။ ပိုလည်းမပိုသလို လိုလဲမလိုနေခဲ့ပါ။ လုပ်ငန်းရှင်မဟုတ်တဲ့ သာမန်လူတစ်ယောက်အတွက်ဆိုရင်တော့ ဒါဟာတမင်သက်သက် ဂုဏ်တင်နေခြင်းလို့ပဲ ထင်မြင်ကြလိမ့်မည်။
တစ်ယောက်နှင့်တစ်ယောက် လက်ဆွဲနှုတ်ဆက်ရင်း ချီးကျူးခန်းဖွင့်နေသည့် ဦးဘုန်းမြတ်သူနှင့် အစ်မဖြစ်သူ၏ရည်းစား သက်အောင်နိုင်ဆိုသူအား ကြည့်ကာစိတ်အချဉ်ပေါက်နေသည်မှာ ရှိုင်းထက်အောင်ပင် ဖြစ်ပေတော့သည်။ ဦး...သူနဲ့ဆိုရင် အပြုံးတစ်ပွင့်စွန့်ကြဲဖို့တောင်မှ တွန့်တိုတဲ့ သူ့ရဲ့ဦးက အခုကြတော့များ အပြုံးတွေ ဖောဖောသီသီပေးနေလိုက်တာ။
"ဦးအတွက်Seafood နဲ့
မာလာရှမ်းကောမှာထားတယ်နော်"
"ဦးအကြိုက်ကို
ဘယ်လိုသိတာလဲ"
"ဦးကသာကျွန်တော့်ကို
ဂရုမစိုက်တာလေ
ဦးအတွက်ဆိုကျွန်တော်က
အသေးစိတ်ကအစဂရုစိုက်တာ"
ဦးက အပိုလုပ်ရန်ကော ဆိုသည့်မျက်နှာပေးနှင့်သာကြည့်ပြီး ဘာမှဆက်မပြောတော့။
"သိလားမမ...
မမမောင်ကလေ...
တအားပိုတာ...
နွယ်တော့ကြည့်မရချင်ဘူး"
လင်းလက်ထွန်း၏ လက်ကိုမလွှတ်စတမ်းဆွဲထားရင်း စကားဖောင်ဖွဲ့နေသော ညီမဖြစ်သူကိုလဲ မနိုင်၍သာလွှတ်ထားရပေသည်။ သက်အောင်နိုင် စိတ်ညစ်သွားရသည်။ နွယ်နှင့်လင်းလက်သည် အမြဲလိုလိုအဖွဲ့ကျနေတတ်သော ယောင်းမနှစ်ယောက်သာဖြစ်သည်။
"အင်းပါ...နွယ်လေးရယ်
ကြည့်မရလဲရိုက်သာထုတ်ပစ်ကွယ်"
"အဲ့တာဆိုရင်တော့
နွယ်အစ်ကို ကိုအရင်ရိုက်ရမှာပဲ"
"ငါကဘာဖြစ်လို့ပါလာတာလဲဟ"
"အဲ့ကိုကိုကလေ
နွယ့်ကိုဂရုမစိုက်ဘူး
ညဘက်ဆိုသူ့Barတကာကိုပဲ
လှည့်သွားနေတာ"
လင်းလက်ဆီမှ ကျရောက်လာသောမျက်စောင်းကြောင့် သက်အောင်နိုင် ဘာဆက်ပြောရမည်ပင်မသိတော့။ အေးအေးဆေးဆေးနေတတ်သောအစ်မ၏ မျက်စောင်းကိုတော့ သူ့ရည်းစားကသိပ်ကြောက်သည် ထင်ပါရဲ့။ ရှိုင်းထက်အောင်ကိုယ့်အတွေးနဲ့ကိုယ်ရယ်ချင်သွားသည်။
"ဟုတ်လားနွယ်လေး
နွယ့်အစ်ကိုကအဲ့လောက်တောင်ပဲ
ဆိုးသလား"
ရှိုင်းထက်အောင်အခုမှ သဘောပေါက်သည်။နွယ်သက်ခိုင်နှင့် အစ်မရည်းစားသက်အောင်နိုင်သည် မောင်နှမများဖြစ်ကြသည်ဟူ၍။
နွယ်သက်ခိုင်ကတော့ အခွင့်ရှိရင်ရှိသလို ဆေးထိုးမည်သာဖြစ်သည်။ မနာလို၍မဟုတ်ပါပဲ အစ်ကိုဖြစ်သူအားလိမ္မာစေချင်၍သာ ဆုံးမနိုင်မည့် အစ်မလင်းလက်ကို တိုင်ကြားခြင်းပင်။
"သူ့စကားကိုမယုံစမ်းပါနဲ့
လင်းလက်ရယ်"
"နွယ်မလိမ်ဘူးနော်
နွယ်မလိမ်တတ်တာ
မမသိတယ်နော်"
"မမသိပါတယ်နွယ်လေး..."
မြင်လားဆိုသည့် မျက်နှာပေးနှင့် လာကြည့်နေသော ညီမဖြစ်သူအား သက်အောင်နိုင်သက်ပြင်းချသည်။ အနည်းဆုံးတော့ သူနှင့်လင်းလက် ပြဿနာတက်ကြမည်သာဖြစ်သည်။
"အခုဆိုရင်
ရှိုင်းထက်အောင်နဲ့
နွယ်သက်ခိုင်က
ဘာတော်မလဲပဲ"
"ဟုတ်ပနော်
ရှုပ်ကုန်ပြီ"
ဘုန်းမြတ်သူနေရာမှ ထပြန်ချိန်စိတ်ပေါက်လာသည်။ သူနှင့်မဆိုင်သော နေရာသို့ရောက်နေသယောင် ခံစားနေရသည်။
"တစ်ခြားနေရာသွားရအောင်
ကိုသက်
ကလေးတွေကိုမရှုပ်နဲ့
ဦးဘုန်းမြတ်သူကိုလဲ
လင်းလက်ရဲ့မောင်လေးက
လိုက်ရှုပ်နေတာ
အားနာပါတယ်နော်
သူကအိမ်မှာမနိုင်လို့လွှတ်ထားရတာ
အငယ်ဆုံးဆိုတော့
အဆိုးဆုံးလေ
အဲ့တာလင်းလက်တို့ကမနိုင်လို့
ဦးရဲ့လက်ကိုအပ်တာသိလား"
"ဟင်..."
လင်းလက်ထွန်းအားကြောင်ပြီး ကြည့်နေသောဦးရဲ့ပုံလေးကို ရှိုင်းထက်အောင် အမိအရsnapရိုက်လိုက်သည်။ ပုံလေးကို မြတ်နိုးစွာသိမ်းထားသလိုပဲ ဦးကိုလဲ တစ်ဘဝလုံးစာ သိမ်းထားချင်ပါသည်။
လင်းလက်ထွန်းတို့ ထွက်သွားပြီးတဲ့နောက်မှာ အစားအသောက်တွေရောက်လာတာမို့ စကားသံတွေတိတ်ဆိတ်သွားသည်။
ဘုန်းမြတ်သူကို ကလေးတစ်ယောက်လို ဂရုတစိုက် ပုစွန်ခွာပေးနေသည့် ရှိုင်းထက်အောင်ကြောင့် ဘုန်းမြတ်သူနေရခက်ပေမဲ့ ကြည်နူးမိပါသည်။ သူ့အကြိုက်ကို ဂရုတစိုက် စိတ်ထဲမှတ်ပေးသည့်သူကတစ်ကယ်ကိုရှားပါသည်။ သူမကြိုက်သည့်ကြာစွယ်များအားလည်း အလိုက်တသိနှင့် ပန်းကန်ထဲမှလွှဲပြောင်းယူပေးပြန်သည်။
"ဦးက
ပင်လယ်စာကြိုက်ပေမဲ့
ကျွန်တော်ကပုစွန်နဲ့
ဂဏန်းကလွဲရင်မစားဘူး"
"ဘာလို့တုန်း..."
သာမန်ဆို စကားအရမ်းများသော ထိုကောင်လေးအား လျစ်လျူပြုထားလေ့ရှိပါသည်။ ဒီနေ့တစ်ရက်တော့ သူကိုယ်တိုင်လဲ ထိုကောင်လေး၏ ဂရုစိုက်မှုတွေကို ကျေနပ်သလိုလိုရှိသည်မို့ သူပြောသမျှကို စိတ်ရှည်ရှည်နှင့် နားထောင်ပေးဖို့ဆုံးဖြတ်ထားသည်။
"မတည့်လို့ပါ
ခရုစားပြီးရင်
ပိုဆိုးတယ်...
ရေဘဝဲတို့
ကင်းမွန်တို့ကိုကျကြောက်တာ"
"ကြောက်တတ်တယ်လား
ရော့လေ..."
ကြယ်စင်လင်းလဲအရှေ့မှာလာ roနေကြသော သူတို့အားကြည့်မရသည်မို့ မာလာရှမ်းကောထဲမှ ရေဘဝဲလက်လေးတစ်ဖက်အား ရှိုင်းထက်အောင်ပန်းကန်ထဲထည့်လိုက်သည်။ ဒါဟာ လက်စားချေခြင်းပင်။
"ကြယ်စင်လေးရာ...
သူကကြောက်တယ်လို့
ပြောတယ်မလား
မစနဲ့..."
ပန်းကန်ထဲက ရေဘဝဲလက်ကို ဒီအတိုင်းကြည့်နေသော ကောင်လေးထံမှ ဘုန်းမြတ်သူ ပြန်ယူလိုက်ရသည်။ မဟုတ်ပါက ဆက်မစားပဲ ဒီအတိုင်းထိုင်ကြည့်နေတော့မည်သာ ဖြစ်သည်။
"ကျေးဇူးတင်ပါတယ်ဦး"
"ဘာလို့ကြောက်တာလဲ...
စားလို့ကောင်းတာပဲကို"
"မကြိုက်ဘူးလို့..."
"အွန်း...မကြိုက်ရင်မစားပါနဲ့"
ဦးကသူ့ကို နားလည်သယောင်ကြည့်ကာ ပြောလာသည်။ ထိုအခိုက်အတန့်လေးကို ရှိုင်းထက်အောင်ရပ်တန့်ထားလိုက်ချင်မိသည်။
"အဟမ်း...
အစားကိုအာရုံစိုက်
အစားကိုအာရုံစိုက်
အိမ်ရောက်မှမျက်နှာကိုအဝကြည့်
အိမ်ရောက်မှမျက်နှာကိုအဝကြည့်...
အဟမ်း"
အငေးလွန်နေသော ရှိုင်းထက်အောင်ကိုကြည့်ကာ နွယ်သက်ခိုင်ကသူ့ဝသီအတိုင်း လိုက်စလေသည်။ ထိုစကားကြောင့် ဦးကသဘောကျစွရယ်နေလေသည်။ အရယ်အပြုံးနည်းပြီး အနေတည်သည့်ဦးကိုရယ်အောင်လုပ်နိုင်သည်က နွယ်သက်ခိုင်နှင့် ကြယ်စင်ပင်။ သူ့အတွက်ကတော့ ဦးကိုရယ်အောင်လုပ်ဖို့ အရမ်းကိုခက်ခဲပါသည်။ ဦးကသူနှင့်ဆိုရင် အပြုံးတစ်ပွင့်စွန့်ကကြဲဖို့အတွက်တောင် တွန့်တိုလွန်းသည်။ ရယ်ဖို့ဆိုတာအဝေးကြီးပင်။ ဦးကသူလက်လှမ်း၍ မမှီနိုင်သည့်ကြယ်လေးတစ်ပွင့်ပါလေ။
~~~~~~~~~~~~
A/N-ဦးကရှိုင်းထက်အောင်နဲ့ဆို
အပြုံးအရယ်နည်းတာကချေတဲ့သဘောမျိုးပါ။
အမြဲကြီးတည်နေတာမဟုတ်ပေမဲ့
ကိုယ့်ကိုကြိုက်နေတဲ့ကောင်လေးကိုတော့
မူတဲ့သဘောမျိုးပါ။
ဦးကစီးပွားရေးအကြောင်းတွေကိုပဲ
ပိုနားလည်ပြီး
စီးပွားရေးလုပ်ငန်းရှင်တွေနဲ့စကားပြောရင်
လိုတာထက်ပိုကျွမ်းကျင်ပါတယ်။
ရှိုင်းထက်အောင်က
ဦးကိုအရာရာထက်ပိုဂရုစိုက်ပါတယ်။
သူကမိသားစုရဲ့အငယ်ဆုံး
အမြဲအချစ်ခံဂရုစိုက်ခံနေရတဲ့
ကလေးတစ်ယောက်
ဖြစ်တာကြောင့်
ချစ်ခြင်းတရားကို
သူအများကြီးမရင်းနှီးပါဘူး
သူသိတာဦးကိုအရမ်းသဘောကျပြီး
မြတ်နိုးတယ်ဂရုစိုက်ရမယ်ဆိုတာကိုပါ။
တစ်ခါတစ်ရံအတ္တကြီးတဲ့ပုံစံရှိပါတယ်။
ဦးကိုလိုက်လို့မရနိုင်ရင်
အပိုင်တက်သိမ်းမဲ့သူမျိုးပေါ့။
ပြီးတော့ရှိုင်းထက်အောင်ကrich kidပါ။
Golden Retriever ကိုတောင်
မိဘမသိအောင်ခိုးဝယ်နိုင်တဲ့
ကောင်လေးပါ။
သူကဦးကိုချစ်လွန်းလို့သာ
ဦးရဲ့အိမ်ကိုသွားသွားကပ်နေတာပါ။
နွယ်သက်ခိုင်ကတော့
လုံးဝကို secret အပြည့်နဲ့ကောင်မလေးပါ။
အားလုံးကိုတစ်ရှူးကြိုဆောင်ထားကြပါလို့
အသိပေးချင်ပါတယ်။
ဒီကCannyကမုန်တိုင်းအကြီးကြီးတွေလဲ
တိုက်ပေးတတ်ပါတယ်😊
ဝင်ဖတ်ပြီးVoteမပေးသူများကတော့
အိမ်အထိလာပြီးvoteဓားပြတိုက်ပါမယ်။
YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Novela Juvenil15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|