ဦးအောင်ထက်သည် ဆည်းဆာနှင့် အတန်ကြာ စကားပြောနေသည်။ အန်တီမူကတော့ အခန်းထဲတွင်ရှိနေသော်လည်း ထွက်မလာပါ။
ဦးအောင်ထက် ပြန်လာတာကို ဆည်းဆာက ပျော်နေပေမဲ့ အန်တီမူက အေးစက်စက်ဖြစ်ကာ ဒေါ်ရွှေက မျက်နှာခပ်ပျက်ပျက်ပင်။ ဘာတွေလဲ မသိပေမဲ့ ပစ္စည်းသယ်ရင်း ကြည်ပြာ သတိထားမိနေတာ။ စပ်လဲမစပ်စုချင်သလို စိတ်ထဲတော့ တစ်မျိုးကြီးရယ်။မကြာပါဘူး....ဆည်းဆာကို စကားစဖြတ်ကာ ဦးအောင်ထက်အခန်းထဲဝင်သွားတော့သည်။
စကားပြောသံ ခပ်သဲ့သဲ့သာကြားရတော့သည်။ညနေစာ စားတော့လဲ ဆည်းဆာနှင့် ဦးအောင်ထက်သာ စကားတွေ ဖောင်ဖွဲ့ကာစားကြသည်။ ဦးအောင်ထက်က ကြည်ပြာနဲ့ဒိုးကိုလဲ ဒီအိမ်မှာ စိတ်အေးလက်အေးနေဖို့ပြောသည်။ အန်တီမူကတော့ ထူးဆန်းစွာပင် လုံးဝစကားမပြောပါ။ မနက်က ထမင်းဝိုင်းမှာပင် အန်တီမူ ပြုံးပြုံးရွှင်ရွှင်ရှိခဲ့သေးသည်။
.
.
.
နောက်တစ်နေ့မနက်....ဆည်းဆာက မနက်စောစော သွားစရာရှိသည်ဟု ညကတည်းကပြောသံကြားသည်။ ကြည်ပြာ အိပ်ယာမှ စောစောထကာ ဒေါ်ရွှေကိုကူပြီး မနက်စာပြင်ပေးသည်။ ဆည်းဆာ မနက်စာပင်မစားဘဲ ကြည်ပြာတို့ကို နှုတ်ဆက်ကာ ထွက်သွားတော့သည်။
အားလုံး ပြင်ဆင်ပြီးတော့ ဒေါ်ရွှေက အန်တီမူကိုသွားခေါ်ပေးဖို့ပြောတာကြောင့် ကြည်ပြာအန်တီမူ အခန်းဆီသွားရသည်။
တံခါးခေါက်မည်အလုပ်မှာ...အခန်းထဲမှ တိုးကျိတ်ကျိတ်အသံတွေ.... မသဲကွဲသော်လည်း တစ်ချက် တစ်ချက် ကျယ်လောင်လာသောအသံအရ အန်တွမူနှင့် ဦးအောင်ထက်ရန်ဖြစ်နေသံပါ။ကြည်ပြာလန့်ပြီး ဒေါ်ရွှေဆီပြန်ပြေးသည်။
အကျိုးအကြောင်းပြောတော့...ဒေါ်ရွှေက သက်ပြင်းကိုချကာ...."မထူးဆန်းဘူး ကြည်ပြာ... မမူ အိမ်ထောင်ရေးအဆင်မပြေဘူး....ဆရာပြန်လာတိုင်းရန်ဖြစ်နေကြပဲ... ဒေါ်ရွှေလဲ သိပ်စိတ်ညစ်တယ်....ဒါပေမဲ့ ဆည်းဆာကိုသံယောဇဥ်ဖြစ်နေတာကြောင့်ရော....မမူကိုတစ်ယောက်ထဲ မထားခဲ့ချင်တာရောကြောင့် ဒေါ်ရွှေ နေနေရတာ"
"ဟိုလေ....ကြည်ပြာ စပ်စုတာမဟုတ်ပါဘူး...ဆည်းဆာကရော မိဘတွေအကြောင်း မသိဘူးလား"
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။