အန်တီမူတို့အိမ်သည် ကြီးမားလွန်းသည်။ ကားဟွန်းတီးသံကြောင့် အိမ်ထဲမှ အန်တီကြီးတစ်ယောက်ပြေးထွက်လာကာ ခြံတံခါးဖွင့်ပေးသည်။
အိမ်ကြီးကိုကြည့်ရင်း ဒိုးနဲ့ ကြည်ပြာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိရသည်။ အန်တီမူသည် အမေ့ထံတစ်လမှာ နှစ်ကြိမ် သုံးကြိမ်လာတတ်သည်။ လာတိုင်းကားကို ကိုယ်တိုင်မောင်းလာတာကလွဲရင် စိန် ရွှေ ငွေတွေ ဆင်မြန်းလာတာသိပ်မရှိ။ အဝတ်အစားလဲ သန့်ရှင်းသက်ရပ်စွာဝတ်ဆင်တတ်တာ မှန်သော်လည်း ရိုးရိုးယဥ်ယဥ်သာဝတ်တတ်သည်။ ဒါကြောင့် ဒီလောက် ချမ်းသာသည်ဟူ၍တော့ မထင်ထားမိ။
ဆည်းဆာကတော့ သူဌေးသမီးဆန်လွန်းပါသည်။
သို့သော် ကြည်ပြာတို့မခန့်မှန်းတတ်ခဲ့မိတာ။အိမ်ထဲဝင်တာနဲ့ ပိုမိုတောက်ပသော အသုံးအဆောင်များကဆီးကြိုလျှက်။ ခုဏခြံတံခါးလာဖွင့်ပေးသော အန်တီကြီးနာမည်က ဒေါ်ရွှေတဲ့။ အိမ်တော်ထိန်းပေါ့။ ဒီအိမ်မှာနေလာတာ ကြာတော့ မိသားစုသဖွယ်ဖြစ်နေသူပါတဲ့။ မိတ်ဆက်ပေးပြီးတာနဲ့ ကြည်ပြာနေရမဲ့အခန်း.... ဒိုးနေရမဲ့အခန်းဆီသို့ လိုက်ပို့ပေးသည်။
ကိုယ်ပိုင်အခန်းနှင့်နေခဲ့ရသူတွေ မဟုတ်တော့ မောင်နှစ်မ နှစ်ယောက်သား တစ်မျိုးတော့ဖြစ်သား။အိမ်မှာဆို အိမ်အတွင်းခန်းတစ်ခန်းသာရှိသည်။ ထိုအခန်းသည် ဘုံအခန်း... အမေ ကြည်ပြာ ဒိုး သုံးယောက်လုံးနှင့်သက်ဆိုင်သည့်အခန်း။ အရင်ကဆို သားအမိသုံးယောက် ထိုအခန်းလေးထဲတွင် အတူအိပ်ကြတာ။
ကြည်ပြာ အပျိုလေးဖြစ်တော့မှ အမေနဲ့ဒိုးက အိပ်ချိန်ဆို အိမ်ရှေ့ခန်းထွက်အိပ်ပေးသည်။ အခန်းထဲမှာ ကြည်ပြာ တစ်ယောက်ထဲ အိပ်သည်။ အိပ်ချိန်မှလွဲ၍ ကျန်အချိန်တွေမှာ ထိုအခန်းသည် အားလုံးနှင့်ဆိုင်သော ဘုံအခန်းဖြစ်သည်။ခုလို ကိုယ်ပိုင်အခန်းနှင့် နေရတော့ ကြည်ပြာက ဒိုးကို အဆင်ပြေရဲ့လား နေရဲလား မေးရသေးတာ။ ဒိုးက ပြုံးပြုံးလေးပင် တည်တည်ငြိမ်ငြိမ်ပဲ ခေါင်းလေးညိမ့်ပြသည်။ ဒိုး တကယ်ပဲ လောကဓံကို ရင်ဆိုင်ရဲသည်လား။ ဖြစ်လာသမျှ အကြောင်းတရားများစွာကို ဒိုး တည်ငြိမ်စွာ ဖြတ်သန်းရှာသည်လေ။
တစ်ခါတစ်ရံ ပုံလေးတွေ ထ ပြီးဆွဲတတ်တာလဲ တွေ့ရသည်။ သူ့အလွမ်း သူ့ခံစားချက်တွေကို ပုံလေးတွေ ဆွဲရင်း ဒိုး မှတ်တမ်းထားလေသည်လား။
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။