Unicode
နောက်ဆုံးမှာတော့... ဒိုးကိုပဲ ချော့တစ်ခါခြောက်တစ်လှည့် စည်းရုံးရသည်။ တီလေးရော လင်းထည်ပါ ကတိအထပ်ထပ်ပေးကြတော့လည်း ဒိုးက အားနာသွားသလိုလေးဖြစ်နေသည်။ သူ့သမီးကို အကြောင်းအမျိုးနဲ့ခွဲရမှာလဲ စိုးရိမ်နေရှာသည်။
ဒိုးကလေး သနားစရာပါ။"ကဲ... ဒိုး... စိတ်ကိုအေးအေးထားပါ... ကိုယ်တို့ရဲ့ စေတနာကိုနားလည်ပေးပါ.. တီလေးက လင်းရိပ်ကလေးမှန်းမသိခင်ကတည်းက ငြိမ်းနဲ့ဒိုးကို စောင့်ရှောက်ချင်ခဲ့တာ... ကြီးကြီးကိုယ်တိုင်လဲ သားအဖနှစ်ယောက်ထဲဘဝကို ရုန်းကန်နေရတာသိလို့ ကိုယ်တို့နဲ့တွေ့ရအောင် လုပ်လိုက်တာပဲလေ... ဒိုး နားလည်ပေးပါ"
"ဟုတ်တယ် ဒိုး... အန်တီတို့အတူနေမှဖြစ်မှာလေ... ငြိမ်းကို ဒိုးလဲစောင့်ရှောက်ရမယ်... ငြိမ်းအတွက်လဲ ကျောင်းကောင်းကောင်းထားပေးမယ်... ဒိုးလဲ ဘာမှ မပူပန်ပါနဲ့တော့... အန်တီအားလုံးတာဝန်ယူပါရစေ"
ဒိုးကြောက်တာက ... ငြိမ်း ပြောင်းလဲသွားမှာကိုပဲဖြစ်သည်။
သူတို့ကဒီလောက်ချမ်းသာနေတာ... ငြိမ်းကိုခေါ်ထားပြီး ဒိုးကို နှင်ထုတ်ခဲ့ရင်ရော ဒိုးဘယ်လိုလုပ်ပါ့မလဲ။ အခုကတော့ ငြိမ်းကို ဒိုးရင်ခွင်ထဲကဆွဲထုတ်လို့မရနိုင်သေးဘူးလေ။
နောက်ပိုင်း.... နောက်ပိုင်း.. စိတ်ပြောင်းပြီး ဒိုးနဲ့ဒိုးသမီးကိုခွဲခဲ့ရင် ဘယ်လိုလုပ်ရပါ့မလဲ။
သေမှာ... အဲ့လိုဆိုရင်တော့ ဒိုး ရင်နှစ်ခြမ်းဗြန်းဗြန်းကွဲပြီးသေသွားမှာ။
ငြိမ်းက ဒိုးအသက်ဆက်ရှင်နေရခြင်းရဲ့အဓိကအကြောင်းအရင်းပါ။မေမေခံစားခဲ့ရတာတွေ... မမခံစားခဲ့ရတာတွေ... ဒိုးအတွက်တော့ယူကြုံးမရ နာကျင်ခြင်းတွေသာကျန်ခဲ့ခြင်း။ မေမေရော မမရော ကံကြမ္မာရဲ့မျက်နှာသာပေးခြင်းကို မရခဲ့ကြရှာ။ မည်သူတစ်ဦးတစ်ယောက်အပေါ်မှာပဲဖြစ်ဖြစ် စိတ်ကောင်းထားခဲ့သော်လည်းလောကဓံရိုက်ချက်ပြင်းစွာခံစားခဲ့ရသော မေမေနဲ့မမကိုတွေးတိုင်းရင်နင့်ရသည်။
အန်တီမူတို့အိမ်ကို ပြောင်းရွှေ့စဥ်ကလဲ ဒီလိုပဲလေ။
ဒီလောက်ထိချမ်းသာတာမဟုတ်ပေမဲ့ ကြီးကျယ်ခမ်းနားသည့်အိမ်ကြီးဆီ ရောက်ခဲ့ရသေးတာပဲ။ အချိန် သုံးလေးနှစ်အတွင်းမှာပင် အပြောင်းလဲကြီး ပြောင်းလဲသွားတာတွေ မျက်မြင်တွေ့ခဲ့ရသည်။ ချမ်းသာသောသူများသည် ဘယ်သောအခါမှ လူတွေကိုစိတ်ရင်းနှင့်မဆက်ဆံတတ်ဟုပဲ ဒိုးထင်သည်။

KAMU SEDANG MEMBACA
ဒိုးကလေး
Romansaနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။