Chapter 130
ကျန်းမင်ယွမ် အစည်းအဝေးတစ်ခုတွင် ရှိနေချိန်သူ၏အိတ်ကပ်ထဲမှဖုန်းက တုန်ခါလာရာ ဖုန်းကိုထုတ်ပြီး တစ်ချက်စစ်လိုက်သည်
အားလပ်ရက်ခရီးအစီအစဥ်ကို ချန်းဟွမ်က သဘောကျပြီး ဆုံးဖြတ်ချက်ချပြီးသည့်ပုံပင်။
ကျန်းမင်ယွမ်မှာ အလွန်စိတ်ကျေနပ်သွားသည်။
သူသည် အစီရင်ခံချက်အပေါ် အာရုံစိုက်နေချင်ယောင်ဆောင်၏။သို့သော် စားပွဲအောက်ရှိလက်က ဖုန်းစခရင်ပေါ်တွင်ပြေးလွှားနေသည်။
[ အထွေအထူးမဟုတ်ပါဘူး.... သဘောကျတယ်ဆိုတော့လည်း ဝမ်းသာပါတယ် ]
ချန်းဟွမ် ဗိုက်ထဲ၌ လိပ်ပြာများပျံဝဲလာသလို ခံစားလိုက်ရပြီး လက်ကိုင်ဖုန်းကို ဘေးသို့ ချလိုက်၏။
ထို့နောက် သူမသည် လက်ကမ်းစာစောင်များကို အတူကြည့်ရန် ရှင်းရှင်းအား လက်ယပ်ခေါ်သည်။
ရှင်းရှင်းသည် မွေးကတည်းက ဤမြို့မှလွဲ၍ မည်သည့်နေရာကိုမှ မသွားဖူးသေးချေ။
ထို့ကြောင့် အပန်းဖြေခရီးစဉ်အတွက် အလွန်စိတ်လှုပ်ရှားနေမိသည်။
လက်ကမ်းစာစောင်ပေါ်ရှိ ပုံများအားလုံးသည် မြို့အသီးသီးရှိ အကောင်းတကာ့အကောင်းဆုံးနေရာများပင်ဖြစ်၏။
ရှင်းရှင်းက ဟိုဟိုဒီဒီကြည့်ကာ တွေ့သမျှနေရာတိုင်းအား သွားလည်ချင်နေသည်။
"မေမေ...သားတို့ ရှိသမျှနေရာတွေအကုန်လုံးကို သွားလည်လို့ မရဘူးလား..."
ရှင်းရှင်းသည် ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး သူ့ခြေထောက်များပေါ်တွင် လက်ကမ်းစာစောင်အချို့ရှိနေ၏။သူကြည့်နေသည်မှာ တတိယမြောက်တစ်ခုဖြစ်သည်။
“ သုံးရက်ပဲ အချိန်ရတော့ တစ်ခုပဲ ရွေးလို့ရမှာ သားရဲ့...” ချန်းဟွမ်က သူမကြည့်နေသည့်လက်ကမ်းစာစောင်ကို ခေါက်လျက် ပြောလိုက်၏။
" ရှင်းရှင်းလေး သွားအလည်ချင်ဆုံးနေရာတစ်ခု ရွေးလိုက်...ကျန်တဲ့နေရာတွေကို နောက်မှ ဖြည်းဖြည်းချင်းသွားကြမယ်လေ နော် "