Chapter 140
“စိတ်မရှိပါနဲ့...” ငြင်းခုံပြီးသွားသောအခါ မစ္စလျှိုက အနည်းငယ် ရှက်ရွံ့သွားပြီး ချန်းဟွမ်အား ပြောလာသည်။
"အန်တီတို့က အစားအသောက် အကြိုက်မတူကြဘူး...အမြဲငြင်းခုန်နေရရော "
ဘေးတွင်ထိုင်နေသော လောင်လျှိုကလည်း ရယ်မောနေ၏။
ဤသည်မှာ အခြား မိသားစု၏အရေးကိစ္စဖြစ်သောကြောင့် ချန်းဟွမ်သည် မှတ်ချက်တစ်စုံတစ်ရာမပေးဘဲ ပြုံးရုံသာပြုံးပြသည်။
သို့သော် မစ္စလျှိုက ကြံဖန်တွေးကာ မိသားစုနှစ်စုကို နှိုင်းယှဉ်ကြည့်တော့၏။ရရှိလာသောခံစားချက်က မစ္စလျှိုကို နာကျင်စေသည်။
ချန်းဟွမ်တို့နှစ်ယောက်အား အပြန်အလှန်မေတ္တာရှိသော စုံတွဲမဟုတ်ဟုထင်ခဲ့သော မစ္စလျှို၏အမြင်မှာ ပြောင်းလဲသွားပြီဖြစ်၏။သူမက အနည်းငယ် ငြူစူရင်း ပြောသည်။
"မင်းတို့မိသားစုကမှ တော်သေးတယ်..."
ချန်းဟွမ်ကပြုံးပြလိုက်၏။
" နှစ်ယောက်သားက အရမ်းချစ်ဖို့ကောင်းတာပဲ"
မစ္စလျှိုသည် အစားအသောက် မှာယူခြင်းကိစ္စမှ ဇနီးမောင်နှံများကြား ဆက်ဆံရေးအကြောင်းဆီသို့ ခေါင်းစီးလွှဲသွားတော့သည်။
ခင်ပွန်းသည်၏အတိတ်ကိုပြန်ဆွကာ တစ်ကိုယ်တည်းအားမလိုအားမရဖြစ်နေတော့၏။
“ဟော့ဒီက လောင်လျှို ငယ်ငယ်တုန်းကတော့ အလုပ်လုပ်ဖို့လောက်ပဲသိတာလေ...တစ်ခါတစ်လေဆို လနဲ့ချီပြီး ကိုမတွေ့ဖြစ်ဘူး...တစ်ခါတုန်းကဆို ခြောက်လလောက်ကြာမှအိမ်ပြန်လာတော့ သူ့သားကပါ သူ့ကိုမေ့သွားတဲ့အထိပဲ ”
"ဟုတ်တယ်လေ အဲ့ဒါကြောင့်ပဲ မင်းတို့နှစ်ယောက်ကို ထောက်ပံ့ပေးနေနိုင်တာပေါ့ " လောင်လျှိုက မကျေနပ်စွာဖြင့်ပြန်လည်တုံ့ပြန်သည်။
" မင်းသာငါ့အကြောင်း များများပြောပေးရင် သားက ငါ့ကို ဘယ်လိုမေ့မလဲ "
"ဒါဆို ကျွန်မအပြစ်လို့ ပြောနေတာလား"
"အဲ့သဘောမဟုတ်ဘူး"