နဂါးဘုရင်ရဲ့ဒဏ္ဍာရီ အခန်း(၃၃)

70 9 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၃၃) အရှေ့ပင်လယ်မြို့သို့ပထမဆုံးအကြိမ်ရောက်ရှိခြင်း

အရှေ့ပင်လယ်မြို့သည် နေလပြည်ထောင်စု၏ ဒုတိယ‌မြောက်အကြီးဆုံး ပင်လယ်ဆိပ်ကမ်း မြို့ကြီးတစ်မြို့ဖြစ်သည်။ပင်လယ်ထွက် အရင်းမြစ်များကို တင်ပို့ရောင်းချရန်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်သွားလာရေးနှင့် ဆက်စပ်နေသော လုပ်ငန်းများကို လုပ်ကိုင်ရန် အဓိကဆိပ်ကမ်းကြီး တစ်ခုရှိသည်။

အရှေ့ပင်လယ်မြို့ထဲတွင် လူဦးရေသုံးသန်းကျော် နေထိုင်ကြသည်။အရှေ့ပင်လယ်မြို့သည် ပင်လယ်ထွက် အရင်းမြစ်များကို တင်ပိုရောင်းချခြင်းဖြင့် တိုးတတ်ကြီးပွားလာခဲ့သည်။နေလပြည်ထောင်စု၏ ကျန်မြို့များဖြင့်နှိုင်းယှဉ်လျှင် အရှေ့ပင်လယ်မြို့ကို ဒုတိယအဆင့် မြို့ကြီးတစ်မြို့လို့ သတ်မှတ်နိုင်သည်။

အရှေ့ပင်လယ်မြို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့ပြီး ၎င်းမြို့ကြီး၏ သွင်ပြင်အားလုံးကို ရှေးခေတ်မူလပုံစံအတိုင်း ရိုးရိုးစင်းစင်း တည်ဆောက်ထားသည်။လွန်ခဲ့သောရာစုနှစ်က နေလပြည်ထောင်စုသည် ရှေးခေတ်အဆောက်အဦးများကို ကာကွယ်ဖို့ ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြသည်။ဒါကြောင့် နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိသော အဆောက်အဦးများကို အရှေ့ပင်လယ်မြို့ကဲ့သို့ ရှေးခေတ်မြို့ကြီးများတွင်သာ တွေ့နိုင်သည်။

အရှေ့ပင်လယ်မြို့ ဝိညဉ်ဘူတာရုံတွင်

နက်ပြာရောင် ဝိညဉ်မီးရထားတစ်စီးသည် ဘူတာရုံထဲသို့ နှေးကွေးစွာ ဝင်လာပြီး ရပ်လိုက်သည်။

အရှေ့ပင်လယ်မြို့ရှိ ဝိညဉ်မီးရထား အားလုံးနီးပါးသည် အပြာရောင်ဖြစ်ကြသည်။

ဝိညဉ်မီးရထားသည် ဘူတာရုံ၌ ရပ်လိုက်ပြီးသည့်နောက် မီးရထား၏ အတတ်အဆင်း တံခါးများမှာ ဖွင့်သွားပြီး လူများစွာကို ရထားပေါ်မှ ဆင်းခွင့်ပြုလိုက်သည်။ထိုအချိန်လေးတွင် လူအချို့မှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်နှုတ်ဆက်နေကြသော်လည်း အများစုမှာ ထွက်ပေါက်တံခါး‌ဝဆီသို့ တိုးကြိတ်သွားနေကြသည်။

ထန်ဝူလင်းသည် သူ၏ကျောပိုးအိတ်ကို အသေအချာ လွယ်လိုက်ပြီး အခြားသူများနည်းတူ ထွက်ပေါက်တံခါးဝဆီသို့ တိုးကြိတ်ပြီး ထွက်လာသည်။သူက မြို့ကြီးပြကြီးဆီသို့ အခုမှပထမဆုံးအကြိမ် ရောက်ဖူးတာကြောင့် သူ၏စူးစမ်းလိုသော အကြည့်များဖြင့် နေရာစုံကို လျှောက်ကြည့်နေသည်။
 
ဘူတာရုံ၏ မျက်နှာကျက်ကို သတ္တုပြွန်ချောင်းများဖြင့် တစ်ခုနဲ့တစ်ခုပူးတွဲထားပြီး တည်‌ဆောက်ထားသည်။ထန်ဝူလင်းက တစ်ချက်ကြည့်လိုက်ရုံဖြင့် ဒီသတ္တုပြွန်ချောင်းများကို ဖန်တီးဖို့ သတ္တုကိုအရည်ကျိုပြီး ပြွန်ချောင်းသဏ္ဍန် ပုံစံခွက်ထဲ ဖိထည့်ထားကာ ပြုလုပ်ထားကြောင်းကို ပြောနိုင်သည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now