PART [ 4 ]

15.4K 1.7K 90
                                    

"ခွန်ဦး"

ရှပ်အင်္ကျီအဖြူနှင့်အပြာရောင် ကွက်ကျဲပုဆိုးကို သပ်သပ်ရပ်ရပ်ဝတ်ထားသည့် ခွန်ဦးက ရာသီဥတုအေး၍ နက်ပြာရောင် ရင်ခွဲဆွယ်တာလေးပါ ထပ်ဝတ်ထားသည်။

မဖြူမညိုအသားအရည်၊ မျက်ခုံးတန်းထူထူအောက်က ရီညို့ညို့မျက်ဝန်းတွေ၊ သေသပ်သော နှာတံအကျရယ်နှင့်ပိရိသည့် နှုတ်ခမ်းတစ်စုံ။

ကျစ်ကျစ်လျစ်လျစ် ကိုယ်ခန္ဓာက အရပ်အမြင့် ခြောက်ပေရှိကာ သူ့ခွန်ဦးဟာ တည်တည်ကြည်ကြည်ဖြင့် ခံ့ညားချောမောသည့် ယောက်ျားတစ်ယောက်။

ခွန်ဦးနဲ့ပါတ်သက်လို့ ဘယ်အရာက သူ့ကို ရင်ခုန်စေတာလဲ Isaac တိတိကျကျ မပြောတတ်ပေ။ ခွန်ဦးနာမည်ကြားလျှင်၊ ခွန်ဦးရဲ့မျက်နှာ မြင်ရလျှင် ၊ ခွန်ဦးရဲ့အရိပ်ကလေး တစ်စွန်းတစ်စ မြင်လိုက်ရလျှင်ပင် သူ ရင်ခုန်ရသည် မဟုတ်လား။

"ဒီနေ့လည်း ငါ့ကို လိုက်နှောင့်ယှက်ဦးမှာလား အိုင်းဆက်"

သူ့ကို တွေ့တာနဲ့ ခွန်ဦးရဲ့မျက်နှာထားက ပုံမှန်ထက် တည်တံ့သွား၏။ အသံကလည်း မာန်ပါကာ ပြတ်သားနေသည်။ တခြားသူဆို ရှိန်သွားလောက်ပေမဲ့ အဲ့ဒီ့တုံ့ပြန်မှုက အိုင်းဆက် အတွက်တော့ ရာသီဥတု ကိုယ့်ဘက်ပါသည်ဟု ယူဆလို့ရသည်။

လွန်ခဲ့တဲ့နှစ်တွေတုန်းကများ ဒီလို စကားပြန်ပြောဖို့ မဆိုထားနှင့်။ ခွန်ဦးက သူ့ကို လှည့်တောင်မကြည့်။ ချေခံရလေ ကြွေကျလေ ဖြစ်နေရာ Isaac နာရကောင်းမှန်းလည်း မသိတော့ပါ။

"ဒီနေ့ ခွန်ဦးနဲ့အတူ ကျောင်းသွားချင်ရုံလေးပါ"

Isaac ပြုံးပြလိုက်သော်လည်း ခွန်ဦးကမူ အကြည့်လွှဲသွားသည်။ ခွန်ဦး လက်ထဲက သချင်္ာစာအုပ် အထူကြီးတွေကို သူ ဘယ်တော့များမှ ကူသယ်ခွင့် ရလိမ့်မလဲ။ Isaac ခွန်ဦးကို လိုက်နေတာ သုံးနှစ်ရှိပြီ ဖြစ်သည်။

ဒုတိယနှစ် စာမေးပွဲပြီးချိန်တုန်းက အသက်ပြည့်သွားတဲ့ သူတို့ သူငယ်ချင်းတွေ အုပ်စုဖွဲ့ပြီး လေသာဆောင်ပေါ်မှာ သောက်ကြရင်း Isaac မူးမူးနဲ့ "ခွန်ဦးကို ချစ်ကြောင်း" အော်ပြောခဲ့ဖူးသည်။

Lovey DoveyWhere stories live. Discover now