PART [ 88 ]

9.3K 1.3K 269
                                    

"အေး...ပြတ်မယ်"

ရှိန်ဇေ့ဆီမှ အဲဒီMessage ကို ပြန်ရရချင်း စိုင်းစေး ပထမတော့ အံ့ဩသည်။
ရှိန်ဇေ စိတ်မြန်လက်မြန် ရှိတာကို သိပေမယ့် ဒီလောက်ကြီး ပြတ်သားလိမ့်မယ်လို့တော့ သူ မထင်ထားခဲ့တာ အမှန်ပင်။

တစ်ပတ်လုံးလုံး ပစ်ထားခံရခြင်းကြောင့် ပြတ်မယ်ဆိုတဲ့ message ကို ပို့ဖို့ စိုင်းစေးဘက်က နာရီပေါင်းများစွာ စဥ်းစားခဲ့ရသော်လည်း ရှိန်ဇေ့ဆီက ပြတ်မယ်ဆိုတဲ့ message ကိုတော့ ငါးမိနစ်မကြာခင် ပြန်ရခဲ့တာ မဟုတ်လား။

ဖုန်းသုံးခါ ခေါ်လို့ မကိုင်တာနဲ့ အေး... ပြတ်မယ်ဆိုပြီး ပြောရက်တာကို စိုင်းစေး ဝမ်းနည်းသည်။ အဲဒီMessage ကို ဖတ်ပြီးကတည်းက သူ့ရင်ဘတ်ထဲမှာလည်း အောင့်နေခဲ့သည်။

တကယ်တော့ စိုင်းစေးက သွေးတိုးစမ်းလိုက်မိတာပါ။ သူ ရှိန်ဇေ့အပေါ် ဘယ်လောက်ထိ ငြိတွယ်နေလဲဆိုတာ ရှိန်ဇေလည်း သိသိနဲ့ မပြတ်ပေးဘူးဆိုတဲ့ စကားပဲ ဖြစ်ဖြစ် သူ မျှော်လင့်ခဲ့မိတာပါ။

ရှိန်ဇေက သူ့ကို လွယ်လွယ် လိုက်လို့ ရခဲ့တာမို့ လွယ်လွယ်ပဲ ဖြတ်ပစ်လို့ရတယ်လို့ သဘောထားတာများလား။ သူက ရှိန်ဇေ့အတွက် အဲသည့်လောက်တောင် လွယ်နေခဲ့တာလား။

တကယ်ဆို ရှိန်ဇေကပဲ သူ့ကို လိုက်ခဲ့ပြီး အဖြေလည်း မြန်မြန်တောင်းခဲ့တာပင်။ မူချိန်တောင် ကောင်းကောင်း မရလိုက်ဘဲ သူကလည်း ခပ်မြန်မြန်ပဲ ပြန်ကြိုက်ခဲ့မိသည်။

အခုတော့ စိုင်းစေး ကိုယ့်ကိုယ်ကိုယ် စျေးပေါနေမှန်း သိခဲ့ရပြီ။ ရှိန်ဇေက သူ့ကို နည်းနည်းလေးတောင် ဆွဲထားဖို့ စိတ်ကူး မရှိဘူး ထင်ပါသည်။ တစ်ခုခုဆို စိုင်းစေးထက် ကိုယ့်မာနကိုပဲ ရှေ့တန်းတင်မယ့်လူဆိုတာ သိလိုက်ရ၏။

အဲဒီလိုကြေးဆို စိုင်းစေးမှာလည်း မာနရှိပါသည်။စိုင်းစေးလည်း စိတ်ဆိုးတတ်သည်။ စိတ်ကောက်တတ်သည်။ တော်ရုံ ဒေါသဖြစ်ခဲပေမယ့် စိုင်းစေးလည်း အနည်းနှင့်အများတော့ အတ္တရှိသည့် လူသားတစ်ယောက်ပင်။

ရှိန်ဇေနှင့်သူ့ရဲ့ဆက်ဆံရေးက ဒီပုံစံအတိုင်း ဆက်သွားလျှင် နောက်ခါ ပြဿနာ ဖြစ်တိုင်း စိုင်းစေးပဲ အမြဲ အလျှော့ပေးရနိုင်ခြေ ရှိသည်။ ထို့ကြောင့် စိုင်းစေး ဒီနေ့ဖြစ်တဲ့ပြဿနာကို ဒီအတိုင်း ကျော် မသွားပေးနိုင်ပါ။

Lovey DoveyWhere stories live. Discover now