PART [ 92 ]

9.4K 1.2K 77
                                    

လွမ်း ဖျားနေသည်မှာ ငါးရက် ရှိပြီ ဖြစ်သည်။ ခံတွင်းပျက်ပြီး ညဘက်တွေလည်း ကောင်းကောင်း အိပ်မပျော်၍ ဒီငါးရက်တစ်ပတ်အတွင်းမှာပင် သူ့ ခန္ဓာကိုယ် အလေးချိန်က နှစ်ပေါင်ကျော် သုံးပေါင်ခန့် ကျသွား၏။

ငယ်ငယ်ကတည်းက နှလုံးအားနည်းသည့် သူဟာ ဒီအရွယ်ရောက်သည်အထိ ကျန်းမာရေး  ချူချာနေတုန်းပင်။ ကိုငယ် စိုးရိမ်လွန်တာလည်း မပြောနှင့်။ သူက ထစ်ခနဲရှိ ခံစားလွယ်လွန်းသည်။
စိတ်ထိခိုက်ရင် ထိခိုက်သည့်အလျောက် ခန္ဓာကိုယ်ကပါ အားနည်းသွားတတ်၏။

ကျောင်းပိတ်ရက်တုန်းက သုတ လိုက်လည်တာတောင် ကိုခန့်ပဲ ဧည့်ခံပေးရကာ တနင်္လာနေ့ ကျောင်းဖွင့်တော့လည်း သူ အဆောင်ကို လိုက် မပြန်နိုင်ခဲ့ပေ။ သူ ကျောင်းကနေ ခွင့်ယူထားတာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီမို့ စိတ်ပူနေသည့် သူငယ်ချင်းတွေကတော့ သူ့ကို ဖုန်း ခဏခဏ ဆက်ကြပါ၏။

သို့ပေမယ့် အစ်ကိုJohn ဆီမှ message တစ်စောင်ပင် ရောက်မလာခြင်းက သူ့ကို ဝမ်းနည်းစေသည်။ လွန်ခဲ့တဲ့တစ်ပတ်တုန်းကဆို ကျောင်းမှာ အစ်ကိုက သူ့ကို မျက်နှာချင်းဆိုင် တွေ့လျှင်တောင် သူစိမ်း တစ်ရံဆံလို ပြုမူတတ်တာတွေကို ပြန်တွေးမိတိုင်း သူ မျက်ရည်ဝဲရမြဲ။

"မနက်စာ စားရအောင် သားသား...မေမေ ဒီနေ့ ငါးထမင်းနယ် လုပ်ပေးထားတယ်...အသီးအရွက် ဟင်းချိုလေးနဲ့"

မေမေ သူ့အခန်းထဲတွင် မနက်စာ လာပြင်ပေးသည့်အခါ လွမ်း အိပ်ရာပေါ်တွင် လှဲနေရာမှ သာသာလေး ထလိုက်သည်။ ဒီတစ်ခေါက် အဖျားကြောင့် ခံစားရသည့် ဝေဒနာတွေထဲမှာ ခေါင်းကိုက်တာက အဆိုးဆုံးပင်။ ခန္ဓာကိုယ်ကို နည်းနည်းလောက် လှုပ်ရှားလိုက်လျှင်ပင် နားထင်ကြောတွေ ပြတ်ထွက်သွားမတတ် နာကျင်ကိုက်ခဲနေတာ ဖြစ်သည်။

"ခံတွင်းထဲ ခါးနေသေးလား"

"ဟုတ်"

မေမေက သူ ခံတွင်းမြိန်စေမည့် အစားအသောက်တွေကို နေ့တိုင်း ဂရုတစိုက် ချက်ပြုတ်ပေးနေသည့်တိုင် သူကတော့ ဘာစားစား ခါးသည့်အရသာပဲ ရ၏။ မေမေ့လက်ရာ ငါးထမင်းနယ်ဆိုတာ သူအကြိုက်ဆုံးအစားအစာတွေထဲက တစ်ခု ဖြစ်သော်လည်း အခုတော့ ထမင်း သုံးလေးလုပ်ထက်ပင် ပို မစားနိုင်ပေ။

Lovey DoveyWhere stories live. Discover now