PART [ 23 ]

12K 1.4K 93
                                    

သူငယ်ချင်းတွေထဲမှာ စိုင်းစေး အရင်ဆုံး အိပ်ရာနိုးလာသည်။ သူက လေးယောက်ရဲ့ အလယ်တွင် အိပ်တာမို့ ဘေးလူတွေ မနိုးအောင် စောင်ကို သာသာလေး ဖယ်ပြီး ထရ၏။ ညာဘက်အစွန်၌ အိပ်သော Isaac စောင်လွတ်နေ၍ သူ ပြန်ဆွဲခြုံပေးခဲ့လိုက်သည်။ သူ့အိမ်မှာဆို အရုဏ်တက်ချိန် အိပ်ရာထတာဟာ စိုင်းစေး အကျင့်လို ဖြစ်နေပြီ။

မျက်နှာသစ်ဖို့ Bathroom ထဲ ဝင်သွားလိုက်တော့ အမေက သူတို့အတွက် သွားတိုက်တံ အသစ် ငါးချောင်းထည့်ထားပေးသည်။ တစ်ရောင်စီမို့ သူက အစိမ်းရောင်ဖျော့ဖျော့လေးယူလိုက်သည်။ Isaac က အပြာ၊ John က အနီ၊ သောတက အဝါ ၊ သျှားရင့်ကတော့ လိမ္မော်ရောင် သုံးလိမ့်မည်။

"အောက်ဆင်းမယ်ဆို ငါ့ကိုစောင့်ဦး စေး"

သူ ကိုယ်လက်သန့်စင်နေတုန်း John လည်းအိပ်ရာ ထလာပြီးနောက် သူတို့နှစ်ယောက်အတူ အိမ်အောက်ထပ်သို့ ဆင်းခဲ့ကြ၏။ မနက်ငါးနာရီခွဲပဲ ရှိသေး၍ အပြင်မှာ မိုးမလင်းသေးပါ။ ပါတ်ဝန်းကျင်ဝယ် မြူနှင်းတွေ အုံ့ဆိုင်းနေကာ အအေးဓာတ်က ချမ်းစိမ့်စိမ့်။

"လူလေးတို့က ထပြီလား...အစောကြီး အေးတယ်လေ"

သူတို့နှစ်ယောက် မီးဖိုဆောင်ထဲဝင်သွားတော့ John က ချက်ပြုတ်နေသော အဖေ့ကို ပြုံးပြလျက် ဦးညွှတ်သည်။

"မီးဖိုနား လာထိုင် သားတို့"

ထမင်းစားခန်းရှိ သစ်သားကွက်ပျစ် အခင်းပေါ်တွင် ထိုင်စရာ ကူရှင် ထပ်ခင်းပေးပြီး အမေက Johnနှင့်သူ့အတွက် နွားနို့ပူပူလေး တစ်ခွက်စီ လာချပေး၏။ မနက်ခင်း အစောပဲရှိသေးပေမဲ့ အမေ့ပါးမှာ သနပ်ခါးတွေက ဖွေးလို့။

"ကျေးဇူးပါဗျ"

နွားနို့သောက်ရင်း မီးလင်းဖိုမှလည်း အနွေးဓာတ်ရနေသည့်အခါ သိပ်မအေးတော့ပါ။ ခဏနေကျတော့ သူတို့နှစ်ယောက် အမေ ဆွမ်းလောင်းဖို့ ပြင်နေခြင်းအား ကူလုပ်ပေးကြသည်။

"ဆွမ်းခံ ကြွလာပြီ"

"​ဆွမ်းတော်ဗျို့" ဟူသော ဆော်ဩသံ ကြားရလျှင် ရပ်ကွက်ထဲက အိမ်တိုင်းလိုလို ဆွမ်းလောင်းထွက်ကြပြီ။ အမေတို့က ဆွမ်း ထမင်း၊ဟင်း လောင်းကာ သူနှင့်John ကတော့ ဝါးကပ်နှင့်ထုပ်ထားသည့် စပ်ယာဂုကို ကိုရင်လေးများထံ ကပ်လှူပေးသည်။

Lovey DoveyWhere stories live. Discover now