"We are home!"
နွေရာသီတစ်ခုလုံး တိတ်ဆိတ်နေခဲ့သော Isaac တို့ အိမ်ဘက်ကနေ အသံတွေ ပြန်ကြားရတော့ ခွန်ဦး အခန်း ဝရန်တာကို ထွက်ကြည့်မိသည်။
Isaac ရဲ့ အခန်းပြတင်း ဖွင့်မည့်အချိန်ကို စောင့်ကြည့်နေရသည့် မိနစ်အပိုင်းအခြားလေးက သိပ်ကြာနေသလိုပင်။
လွန်ခဲ့သော ၂လအတွင်းမှာ ခွန်ဦး နားလည်ခဲ့တာ တစ်ခုက လူတစ်ယောက်ကို စောင့်ဆိုင်းရခြင်းလောက် မျှော်လင့်ချက်တွေ တနင့်တပိုးနဲ့စိတ်မောရတာ မရှိတော့ဘူး ဆိုတာပင်။
Isaacက သူ့အချစ်ကို ပြန်ရဖို့ ဘယ်လိုခွန်အားနဲ့များ သုံးနှစ်ကျော်တောင် မျှော်လင့်စောင့်စားနိုင်ခဲ့ပါသလဲ။
"ခွန်"
Isaac အတွက် တစ်ဦးတည်းပိုင် နာမ်စား ဖြစ်နေခဲ့သော ထိုခေါ်သံဟာ သိပ်ချိုမြိန်သည်ဟု ခံစားမိသည့် အခိုက်အတန့်။
"ကျွန်တော် ပြန်ရောက်ပြီ"
အပြာရောင် မျက်ဝန်းတွေထဲ အလွမ်းတွေ နင့်နင့်သည်းသည်း မြင်ရသောအခါ ခွန်ဦး အရင်လို မျက်နှာ လွှဲမပစ်နိုင်ခဲ့ဘဲ အပြုံးတစ်ပွင့်နဲ့ ကြိုဆိုကြောင်းပြတော့ ပြတင်းနားမှာ ရပ်နေသည့် Isaac က မျက်ရည်တွေ ဝဲလာ၏။
"မနက်ဖြန်ညနေ ငါ့မွေးနေ့လာခဲ့...ညနေ လေးနာရီ"
"ဟုတ်...လာခဲ့ မယ်"
ဝမ်းနည်းဝမ်းသာစိတ်ဖြင့် Isaacရဲ့ အသံလှိုင်းတွေ လှိုက်ခါသွားတော့ Isaac ဟာ အောက်နှုတ်ခမ်းထောင့်ကို ဖိကိုက်လိုက်လေရဲ့။
'ကျစ်! အသည်းယားဖို့ ကောင်းတယ်'
စိတ်ထဲမှ တီးတိုးရေရွတ်ကာ ခွန်ဦး ကိုယ့်အခန်းထဲကိုယ် ပြန်ဝင်ခဲ့သည့်နောက် ခုန်ပေါက်နေသော Isaac ရဲ့အရိပ်က သူ့မျက်ဝန်းထောင့်မှာ လာဟပ်သည်။
************************************
"ကျွန်တော် ညနေကျ Isaac နဲ့ ချိန်းထားတယ် အမေ"
ခွန်ဦး အမေ့ကို အသိပေးသလို ပြောတော့ သူ့မွေးနေ့အတွက် ဆွမ်းချက်ပေးနေသည့် အမေက နားလည်စွာ ပြုံးပါသည်။
"အဆင်ပြေပါစေကွယ်"
သူက မွေးနေ့တွေဆိုရင် ဦးလေးတော်သူ ဘဘုန်းကို အာရုံဆွမ်းသွားကပ်ပြီး အမေနှင့်အတူ ဘုရားတက်လေ့ရှိ၏။ ဘုရားက ပြန်လာရင် လမ်းမှာတွေ့သည့် ကလေးတွေကို မုန့်ဝေပြီး အဆောင်နေ ကျောင်းသားများကိုလည်း Cupcakeလေးတွေ ကိုယ်တိုင် လုပ်ကျွေးသည်။