"မေမေ"
"အယ် မေ့သားလေး စိုရွှဲလို့ရော်"
မျက်ရည်တွေ လဲ့နေသော လွမ်းရဲ့မျက်ဝန်းဝိုင်းဝိုင်းများကို မြင်တော့ John စိတ်မကောင်း ဖြစ်သွားရသည်။
"ကျွန်တော် အင်္ကျီ ပြန်လဲ မလို့"
"လာ သားလေး လာ"
အန်တီက လွမ်းရဲ့လက်နှစ်ဖက်အား အသာ ဆွဲယူကာ ပခုံးက တဘက်ဖြင့် လွမ်းရဲ့လက်စိုစိုတွေကို သုတ်ပေးပြီး ရေစင်ထားသည့် မျက်နှာလေးကိုပါ ခပ်ဖွဖွ သုတ်ပေးရှာ၏။
သူ ရေ အရင် မလောင်းရလည်း အဆင်ပြေကြောင်း John မျက်လုံးတွေ အနည်းငယ် မှေးစင်းကြည့်လျက် ပြုံးပြသည့်အခါ လွမ်းက မျက်နှာလေး ပြန်ကြည်လာပါသည်။
"ကိုစေးလည်း ရေလောင်း ခံလိုက်ရပြီပဲ"
လွမ်းက ပြောတော့မှ ပိတောက်ပင်အောက်တွင် ရပ်နေသော သူငယ်ချင်း ဖြစ်သူကို John လှမ်းကြည့်မိ၏။
"အခုခေတ် ကလေးတွေကတော့လေ...ဘုရားသွား ကျောင်းတက်တဲ့လူတွေပါ မရှောင်တော့ဘူး...ဆိုးကြတယ်တော့်"
ခန္ဓာကိုယ် တစ်ခြမ်းလုံး ရေတွေ ရွှဲလျက်သား စိုင်းစေးကို အားနာစွာဖြင့် အန်တီက ရေရွတ်လေသည်။
"ပြန်ကြမယ် သားတို့"
သူတို့တွေ အိမ်ပြန်ရောက်တော့ John တီရှပ်တစ်ထည်နှင့်ချည်သားဘောင်းဘီရှည်ကိုပဲ ပေါ့ပေါ့ပါးပါး လဲဝတ်လိုက်၏။
အန်တီက သင်္ကြန်လည် ဧည့်သည်တွေကို ရွှေရင်အေးတိုက်ဖို့ စီစဥ္ထားတာမို့ သူတို့တွေ အန်တီ့ကို ကူလုပ်ပေးရင်း ရေကစားလို့လည်း အဆင်ပြေအောင်ဖြစ်သည်။
"စေး...သွားရအောင်"
"အေး"
စိုင်းစေးနှင့်သူ အန်တီ့ကို ကျောက်ကျောပုံးတွေ သယ်ကူရအောင်လို့ အိမ်မကြီးဘက်သို့ ထွက်ခဲ့ကြတော့ လွမ်းကလည်း အဝတ်လဲပြီး အိမ်ပေါ်မှ ဆင်းလာ၏။
"အစ်ကို...ကျွန်တော် ဘုန်းကြီးကျောင်း ပြန်သွားရဦးမယ်"
ရှပ်အင်္ကျီလက်ရှည်အဖြူနှင့်ပုဆိုးအနီကွက်လေးကို ဝတ်ထားတဲ့ လွမ်းကတော့ ဘယ်အချိန်ကြည့်ကြည့် ချစ်စရာကောင်းနေတာပင်။
![](https://img.wattpad.com/cover/291302378-288-k987404.jpg)