Isaac တို့ ပထမနှစ်ဝက် စာမေးပွဲဖြေရန် တစ်ပါတ်ခန့်သာ လိုတော့လေသည်။
ဒီလိုအချိန်ဆို ခွန်ဦးကို တွေ့ရဖို့ အခွင့်အရေး နည်းတာမို့ Isaac သည် လေသာဆောင်ပေါ်တွင် ဟိုသည် လျှောက်ရင်း ခွန်ဦး ထွက် အလာကို ငံ့လင့်နေမိ၏။
ခွန်ဦးအား တစ်မနက်ကလေး မတွေ့ရလျှင်ပင် နေမထိ ထိုင်မသာ ဖြစ်တတ်သော သူ့မှာ
အိမ်ချင်းကပ်ရပ်နေနေတာတောင် အဝေးကြီးမှ လွမ်းရသလိုလို။"သားခွန်ရေ...မေမေ့ကို စျေးသွားပေးလို့ ရမလား"
"ဟုတ်ကဲ့...ကျွန်တော် ခဏနေ သွားလိုက်မယ် အမေ"
ခွန်ဦးရဲ့အခန်းဝရန်တာဆီမှ ခွန့်အသံ ထွက်လာသည့်အခါ Isaac လက်ထဲက စာအုပ်ကို ကမန်းကတန်းဖွင့်လျက် စာကြည့်ယောင်ဆောင်လိုက်သည်။
သူ စာအုပ်ကို မျက်နှာနားကပ်ကာ ခွန်ဦးရှိရာ မသိမသာ ချောင်းကြည့်တော့ ခွန်က ဝရန်တာမှာ ပန်းပင်လေးတွေကို ရေဖြန်းနေလေ၏။
များသောအားဖြင့် ခွန်က တည်တည်ကြည်ကြည်နှင့်ရှိန်စရာကောင်းနေပေမဲ့ ပန်းပင်တွေကို ဂရုစိုက်ပေးချိန်၊တစ်ယောက်ယောက်အတွက် အစားအသောက် လုပ်ပေးချိန်၊ စာအုပ်တစ်အုပ်ကို စိတ်ပါဝင်စားစွာ ဖတ်နေချိန်၊ အဲ့ဒီ့လိုအချိန်မျိုးတွေဆို ခွန့်မျက်နှာမှာ နူးညံ့မှုကို ရှာဖွေ တွေ့ရှိနိုင်သည်။
ယခုမှ ပွင့်ခါစ Daisy ပန်းပွင့်လေးတွေကို ညင်ညင်သာသာ ထိတွေ့နေသောလက်ချောင်းရှည်ရှည်တွေ၊ ပိရိသေသပ်သည့် နှုတ်ခမ်းထက်မှ အပြုံးလွလွ၊ Isaac နှလုံးသား တစ်ခုလုံးကို ယုံယုံကြည်ကြည် ပုံအပ်လိုက်ချင်စရာ ညို့ဓာတ်မျိုးနဲ့အညိုရင့်ရင့် မျက်ဝန်းတွေထဲက ညံ့သက်မှု၊ ထိုကဲ့သို့သော အရာများအား ခပ်လှမ်းလှမ်းကနေ အသေးစိတ် မြင်နိုင်လောက်သည်အထိ သူက ထိုလူသားအပေါ်မှာ နှစ်လရှည်ကြာစွာ အရိပ်တကြည့်ကြည့် ဖြစ်လာခဲ့ရသည်ပင်။
"ဘာလို့ အဲ့လောက်တောင် ငမ်းနေတာလဲ"
"အ"
ရုတ်တရက် နောက်ကျောကနေ ဇက်ပိုး အုပ်ခံလိုက်ရမှုက Isaacအား Feel ပျက်သွားစေ၏။
![](https://img.wattpad.com/cover/291302378-288-k987404.jpg)