PART [ 130 ]

7.3K 991 131
                                    

"ဇေ...ဖြည်းဖြည်းမောင်း"

"အင်း"

ဇေရှိန်ဟန်တို့ တောင်ကြီးကနေ ဆင်းလာသည့်အချိန်က ညနေ ၄ နာရီဖြစ်ပြီး လွမ်းတိုင်းသို့ ရောက်ခါနီးတော့ ၆နာရီကျော်ပြီဖြစ်သည်။

ပတ်ဝန်းကျင်ကလည်း အတော်လေး မှောင်နေ၍ ဇေရှိန်ဟန် ဆိုင်ကယ်ကို  အရှိန်လျှော့မောင်းလိုက်၏။

"အေးနေပြီလား စေး"

"ကိုယ်ကရပါတယ်...ရှေ့ကမောင်းတဲ့ မင်းက ပိုအေးမှာ"

သူ့ခါးကို တင်းတင်းဖက်ထားသည့် စေးက သူ့ကျောပြင်မှာ ပါးတစ်​​ခြမ်း အပ်ထားတာကြောင့် ဇေရှိန်ဟန်ကတော့ ရင်ထဲနွေးနေပါသည်။

တကယ်ဆို သူငယ်ချင်းတွေနှင့်အတူ တစ်ခါတည်း လိုက်သွားလို့ ရသည့် စေးက Johnရဲ့ကားပေါ် ကို ခရီးဆောင်အိတ်ပဲ တင်ပေးလိုက်ကာ ဇေရှိန်ဟန် အလုပ်ပြီးချိန်မှသာ လိုက်ပြန်လာတာဖြစ်သည်။

"ရှေ့ ၄မိုင်လောက်ဆို ရောက်ပါပြီ"

"အင်း...လမ်းက မီးတွေထိန်နေလို့တော်သေးတယ်"

သရဲကြောက်တတ်သော သူ့ရည်းစား​လေးကို ဒီတောင်ကြားလမ်းက ရံဖန်ရံခါ သရဲခြောက်တတ်ကြောင်းတော့ ဇေရှိန်ဟန် မပြောဖြစ်ပါ။ တောထူသည့် ဒီလမ်းကိုဖြတ်တိုင်း တော်တော်များများ သရဲခြောက်ခံရကြောင်း ​ပြန် ကြားရသလို ဇေရှိန်ဟန်လည်း တစ်ခါကြုံဖူးသည်။

သူ အခုလို ညဘက်ကြီး ဆိုင်ကယ်ဖြင့် ရွာကို ပြန်ချိန်တွင် ဒီလမ်းဘေးမှာ ကလေးပွေ့ထားသည့် မိန်းမတစ်ယောက် ရပ်နေတာကို ဆိုင်ကယ်မီးရောင်ကြောင့် ဘွားကနဲ မြင်လိုက်ရ၏။

မြန်မာ ဝမ်းဆက် ခပ်နွမ်းနွမ်းနှင့်ဆံထုံးဖရိုဖရဲဖြင့် လက်ထဲမှာ အနှီးထုပ်လေး ပိုက်ထားပုံက လူတွေပြောကြသည့်အတိုင်း တစ်ထေရာတည်း။

လမ်းမှာ အဲလို ကားထွက်တားတာကို ရပ်ပေးလိုက်မိရင် လူကပျောက်သွားပေမယ့် ဝိဥာဥ်က တစ်လမ်းလုံး လိုက်ပါလာတတ်သည်ဟု ကြားဖူးသည်။

ဇေရှိန်ဟန် အရင်က အဲဒါမျိုးတွေ သိပ်အယုံအကြည် မရှိခဲ့ပေမယ့် ကိုယ်တိုင်ကြုံရမှ ဒီလောကကြီးမှာ မြင်အပ်၊ မမြင်အပ်သည့်အရာတွေ တကယ်ရှိကြောင်း လက်ခံလိုက်ရ၏။

Lovey DoveyWhere stories live. Discover now