"ကျောင်းသားတွေ ရန်ဖြစ်ကြတဲ့အထဲမင်းတို့က ဘာဝင်လုပ်တာလဲ"
ဘောလုံးပွဲပြီး နောက်ရက် မနက်တွင် ဂျာကြီးက ဇေရှိန်ဟန်တို့ကို ရုံးခန်းထဲ ခေါ်ပြီး မေးလာသည့်အခါ ဇေရှိန်ဟန်နှင့်ကျော်ဇော တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်မိကြသည်။
"ဝင်ခွဲတာလေ...ရန်ပွဲက ကျွန်တော်တို့ ဝင်ခွဲလို့ ငြိမ်သွားတာ"
ဇေရှိန်ဟန် ခပ်တည်တည်ဖြင့် ပြန်ဖြေလိုက်တော့ ဂျာကြီးက မျက်မှောင်တွေ ကြုတ်လျက်။
"မြန်မာစာ ကျောင်းသားက ပြောတော့ မင်းတို့က ဟိုဘက်ကနေ ဝင်ချတာတဲ့"
"ဟာ...စွပ်စွပ်စွဲစွဲ ဂျာကြီးရာ...ကျွန်တော်တို့က ဒီကကျောင်းသားလည်း မဟုတ်ဘဲ ဘာလို့ ရန်ပွဲထဲ ဝင်ပါရမှာလဲ...အဲဒီထဲက ငနဲလေး တစ်ကောင်က တော်တော်ထိန်းရခက်နေလို့ ရှိန်ဇေက နားရင်းတစ်ချက် အုပ်လိုက်ရတယ်...အဲဒါပါပဲ"
ကျော်ဇော ပြောတာကို တစ်လှည့် နားထောင်ပြီး ဂျာကြီးရဲ့ အကြည့်တွေက သူ့ဆီ ရောက်လာတော့ ဇေရှိန်ဟန်လည်း မတတ်သာလို့ ဟူသည့် သဘောဖြင့် ပခုံးနှစ်ဖက် တွန့်ပြလိုက်သည်။
"အဲလိုဆိုလည်း ဟုတ်ပါပြီ...ငါပဲ ဆရာမကြီးကို အကျိုးသင့် အကြောင်းသင့် ပြန်ရှင်းပြလိုက်မယ်"
"ဟုတ်ကဲ့...ဂျာကြီး နောက်ထပ် ပြောစရာ မရှိတော့ရင် ကျွန်တော်တို့ အလုပ်ဝင်တော့မယ်"
"အင်းအင်း...ဒါနဲ့ မင်းတို့ မထိခိုက်ခဲ့ဘူးမလား"
"ကျွန်တော်တို့က အေးဆေးပဲ"
သူတို့နှစ်ယောက် ဂျာကြီးရဲ့ရုံးခန်းထဲကနေ ထွက်ခဲ့ကြပြီး ခပ်လှမ်းလှမ်းသို့ ရောက်တော့
"မင်း တကယ် ထိန်းမရလို့ အုပ်လိုက်တာမလား...ဟုတ်တယ်မလား" ဆိုပြီး
ကျော်ဇောက ကပ်တိုးလေး မေးပေမယ့် ဇေရှိန်ဟန် ဘာမှ ပြန်မဖြေဘဲ ပြုံးရုံသာ ပြုံးနေလိုက်၏။
တကယ့် အကြောင်းအရင်းမှန်ကို သူပဲ သိသည် မဟုတ်လား။
သူတို့တွေ ဂျာကြီးကို ပြောခဲ့သည့် စကားတွေက မှန်သင့်သလောက်တော့ မှန်ပါသည်။
![](https://img.wattpad.com/cover/291302378-288-k987404.jpg)