နေဝင်တာစောသည့် ဆောင်းဦးရာသီကို ရောက်သည့်အခါ လွမ်းတို့ ကျူရှင်ကနေ ပြန်လာချိန်တွေဆို ပတ်ဝန်းကျင်က မှောင်နေပါပြီ။ ဒီနေ့လည်း အတန်းက ညနေ လေးနာရီ ဆင်းပေမယ့် ကျောင်းပြင်ပတွင် ကျူရှင် နှစ်ချိန် ပြေးတက်ရသေးတော့ ညနေ ခြောက်နာရီကျော်မှ အဆောင်ကို ပြန်ရ၏။
"ငါတို့ ပြန်ပြီနော်"
"ဆိုင်ကယ် ဖြည်းဖြည်းမောင်းကြဦး"
နန်းပိုးပန်းချီနှင့်မြတ်သီရိမောင်ဟု ခေါ်သော လွမ်းတို့ရဲ့ သူငယ်ချင်းမလေး နှစ်ယောက်က ဆိုင်ကယ် တစ်ယောက်တစ်စီးနှင့်မြို့ထဲကို ပြန်သွားကြကာ အဆောင်နေ ကျောင်းသားတွေ ဖြစ်သည့် ထွဋ်ခေါင်ယံနှင့်လွမ်းကတော့ အဆောင်တွေရှိရာ လမ်းသွယ် လမ်းကြားတွေထဲကို ခြေလျင်လျှောက်ခဲ့ကြသည်။
"ငါ ဇေယျကို အဖော်ခေါ်ပြီး မင်းကို လိုက်ပို့ရဦးမလား လွမ်း"
"ရပါတယ်...ငါ တစ်ယောက်တည်း ပြန်လိုက်တော့မယ်"
ခေါင်ယံတို့ အဆောင်နှင့် လွမ်းတို့အဆောင်က နှစ်လမ်းကျော်ပဲ ခြားတာဖြစ်ပြီး ကျူရှင်ဆောင်ကနေ ပြန်လာရင် ခေါင်ယံတို့အဆောင်ကို အရင်ရောက်တာ ဖြစ်သည်။ လွမ်းက နောက်ထပ် ငါးမိနစ်လောက် လျှောက်လိုက်ရင် အဆောင်ပြန်ရောက်ပြီမို့ သူ့နည်းတူ ဗိုက်ဆာနေလောက်ပြီ ဖြစ်သည့် ခေါင်ယံ့အား လွမ်း အဖော်ခေါ်မနေတော့ပါ။
"သတိထားသွား"
"အင်း"
ခေါင်ယံ့ကို နှုတ်ဆက်ပြီးနောက် လွမ်းတစ်ယောက်တည်း ဆက်လျှောက်ခဲ့သည့်လမ်းကြားလေးထဲမှာ မီးရောင်တွေ ထိန်နေ၏။ လွမ်း ခြေလှမ်းတွေ ဖြည်းဖြည်းမှန်မှန်ဖြင့် နောက်တစ်လမ်းကို ရောက်ခါနီးမှာ အဆောင်တစ်ခုရှေ့၌ ရပ်နေသော လူသုံးယောက်ဆီမှ လေချွန်သံတွေ ထွက်လာသည်။ အဆောင်နေ ကျောင်းသားတွေလား ဒီ ရပ်ကွက်ထဲမှာ နေသည့် လူတွေလားဆိုတာ လွမ်း ဝေခွဲမတတ်သော်လည်း အကြည့်တွေက အစ စိတ်အနှောင့်အယှက် ဖြစ်စရာပင်။
"ဟိုမှာ ငါ ပြောပြောနေတဲ့ အလှလေးဆိုတာ"
"ယောက်ျားချင်းတောင် အသည်းယားစရာလေးပဲကွ"