PART [ 72 ]

9.3K 1.2K 37
                                    

"မင်း New Zealand ကို မပြန်သေးဘူးလား"

"ကျွန်တော် မသိသေးဘူး Eddy"

သူ့ဆိုင်ထဲတွင် "ကျေးဇူးပြု၍ ဆေးလိပ်မသောက်ပါနှင့်" ဟူသည့် ဆိုင်းဘုတ်လေး ချိတ်ထားတာကို မြင်လျက်နှင့် Eddy က စီးကရက် တစ်လိပ်ကို စိတ်ရှိလက်ရှိ ဖွာနေသည်။

"အသစ်တွေ့နေတော့ မပြန်ချင်တော့ဘူးပေါ့လေ"

"ကျွန်တော် အသစ် တွေ့တွေ့ မတွေ့တွေ့... Eddy နဲ့ မဆိုင်တော့ဘူး ထင်တယ်"

လမ်းခွဲခံရတုန်းက တောင်းတောင်းပန်ပန်ဖြင့် ဆွဲထားခဲ့ရသူက Andrian ပင်။ ​ကွဲအက်သွားတဲ့ဆက်ဆံရေးကို ပြန်ဆက်ဖို့ သူ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် Eddy ကိုယ်တိုင် သူ့ကို လက်လျှော့သွားစေခဲ့တာ မဟုတ်လား။

"ငါ့ကို ချစ်လှပါချည်ရဲ့ဆိုပြီး သေမလို ဖြစ်ခဲ့တာ မင်း မဟုတ်သလိုပဲ Andri...အဲလောက်ပဲ အပြောင်းအလဲ မြန်ရသလား"

"ကျွန်တော် Eddy ကို ချစ်ခဲ့လွန်းလို့လည်း Eddy ကျွန်တော့်ကို အခုထိ အနိုင်ယူလို့ရနေသေးတာပေါ့"

Wellington တက္ကသိုလ်မှာ Eddyနှင့်သူ ပထမဆုံးအကြိမ် ဆုံကတည်းက သူ Eddy ကို မြင်မြင်ချင်း သဘောကျခဲ့ပါသည်။ သူက Eddy အတွက် ရည်းစားဦး မဟုတ်သော်လည်း သူ့အတွက်တော့ Eddy ဟာ သူ ပထမဆုံး ရင်ခုန်ရသော ယောက်ျား။

"မင်းဆီလာလာနေတဲ့ကောင်လေးက နာမည်ကြီးပဲ...ရုပ်ရည်ကလည်း မင်းအကြိုက်...ရေလည်း လျှံတယ်...အဟင်း"

"Eddy ရော...ကျွန်တော့်ကို စတွဲကတည်းက ရယူလိုမှုတစ်ခုပဲ တွေးတာလား"

ခန္ဓာကိုယ်ကလွဲရင် Eddy လိုအပ်သမျှ သူ အကုန်ပေးခဲ့သည်။ တကယ်တမ်းကျ Eddy က သူ့ကို ယောက်ျားတန်မဲ့ လှလွန်းလို့ ကြိုက်သည်ဟု မကြာမကြာ ပြောဖူးပါ၏။ Eddy ဟာ သူ့အပေါ်မှာ အသုံးချခံ ပစ္စည်းတစ်ခုသာသာ သဘောထားခြင်းအား လက်ခံရချိန်တိုင်း Andrian ခံစားရသည်။

"မင်းလိုအားနည်းတဲ့ကောင်ကို တကယ်ချစ်ပေးမယ့်သူ မရှိဘူး Andri...ငါက သနားလို့ နှစ်နှစ်တောင် မင်းရဲ့အနား ရှိပေးခဲ့တာကို ကျေးဇူးတင်စမ်းပါ"

"မကောင်းတဲ့လူ"

Andrian နာနာကျည်းကျည်းပြောတော့ Eddy က ဟက်ကနဲ ရယ်ပြီး လက်ထဲက စီးကရက်ကို နှင်းဆီအိုးထဲ ထိုးစိုက်ကာ မီးသတ်လိုက်၏။ Eddy ဟာ သူ့အပေါ် မကြင်နာသလို သူချစ်တဲ့အရာတွေအပေါ်လည်း တန်ဖိုးမထားတော့တာ ကြာပါပြီ။

Lovey DoveyWhere stories live. Discover now