"ကိုကြီးတို့ ရောက်ပြီ ညီငယ်"
"ဟုတ်ကဲ့"
ကိုစျာန် ဖုန်းဆက်လာတော့ ဇေရှိန်ဟန် အိပ်ရာပေါ်တွင် စိတ်ပျက်လက်ပျက်ဖြင့် လှဲနေရာမှ ထပြီး အခန်းထဲကနေ ထွက်ခဲ့လိုက်၏။ သူ အဆောင်အောက်ကို ရောက်တော့ ကိုစျာန်နှင့်ကိုခန့်ကအဆောင်ရှေ့တွင် ကားရပ်ခဲ့ပြီး အဆောင်ဝန်းထဲကို ဝင်လာကြပြီဖြစ်သည်။
"ဧည့်ခန်းထဲပဲ ထိုင်ကြမလား...ကျွန်တော့်အခန်းထဲက ရှုပ်နေလို့"
"ရတယ်လေ"
ဇေရှိန်ဟန် ကိုလတ်ရဲ့လက်ထဲက ပစ္စည်းထုပ်တချို့ကို ကူသယ်ပေးလိုက်ပြီး အဆောင်အောက်ထပ်ရှိ ဧည့်တွေ့ခန်းထဲသို့ ဝင်လိုက်သည်။ ကျွန်းဆက်တီတွေ ချထားသည့် နေရာမှာ သူတို့ညီအစ်ကိုသုံးယောက် ထိုင်ဖြစ်ကြတော့ ကိုကြီးက စားပွဲပေါ်တွင် မုန့်ဘူးတွေကို ချပေးနေ၏။
"အမေ ထည့်ပေးလိုက်တာ...အငဲကိုလည်း ဝင်ပို့ခဲ့ပြီ...မနက်ဖြန်ဆို မကောင်းလောက်တော့ဘူးမို့ ဒီနေ့တစ်ခါတည်း စားလိုက် ညီငယ်"
"အများကြီးပဲ"
"ကျော်ဇောတို့ကိုလည်း ကျွေးလိုက်လေ"
"အင်း"
"ဒါက လျှော်ဖွပ် မီးပူတိုက်ပြီးသား အဝတ်တွေတဲ့...အဆောင်မှာ မလျှော်ရသေးတာတွေ ရှိရင်လည်း ထည့်ပေးလိုက်ဦးတဲ့ အမေက"
"ရပါတယ်...ကျွန်တော် လျှော်ဆိုင်ပဲ ပို့လိုက်မယ်လို့"
ပွဲရုံမှာ မောလာပုံရသည့် ကိုလတ်ကတော့ ရေသန့်တစ်ဘူးကို ထက်ဝက်ခန့် မော့ချပြီးမှ ဇေရှိန်ဟန့် ကို ပြုံးစေ့စေ့ ကြည့်လာသည်။
ဒီလောက်ဆို ကိုခန့်တို့လည်း သူ အရှက်ကွဲသည့်အကြောင်း ကြားခဲ့ပြီးလောက်ပြီ။
သူ အထက်တန်းကျောင်းသားဘဝမှာ
လူကြီးကားကြည့်နေစဥ် ကိုခန့် မိတုန်းကထက်ပင် အခုက ပိုလို့ မျက်နှာပူဖို့ကောင်းနေတော့ ဇေရှိန်ဟန် မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် သပ်ချလိုက်မိသည်။"ကိုစိုင်းမာန်နဲ့ တွေ့ခဲ့တာလား"
"အင်း...နေ့လယ်စာ အတူစားဖြစ်ကြရင်း မင်းနဲ့စိုင်းစေးအကြောင်း ပြောလေရဲ့"
![](https://img.wattpad.com/cover/291302378-288-k987404.jpg)