"ယူကလစ်တန်းကို ရောက်ပြီ အငဲ"
သူ့နံဘေးရှိ ကိုငယ်က သူ့ပခုံးကို လှုပ်နှိုးလာတော့ လွမ်း အိပ်ချင်မူးတူးဖြင့် ခေါင်းထောင်ကြည့်လိုက်မိသည်။
ကားနောက်ခန်းက ပြတင်းမှန်ကိုချပြီး အပြင်ကိုငေးကြည့်လိုက်သည့်အခါ သူ့အာရုံတွေ ကြည်လင်လန်းဆန်းသွားရပါ၏။
ဒီယူကလစ်တန်းကြီးကို မြင်တာနှင့် ရွာငံကိုရောက်ပြီဟူသည့် ခံစားချက်ကို ရပြီး လမ်းတစ်လျှောက် မြင်လာရသည့် အရောင်အသွေးစုံလင်လှသည့်စိုက်ခင်းများကလည်း ရွာငံမြို့နယ်ရဲ့သဘာဝအလှများထဲက တစ်ခုပင်။
"အပြန်ကျရင် မိန်းမရဲသခင်မတောင် ဝင်ကြမယ်နော်"
ကိုကြီးတို့တွေက သူပြောတာကို ခေါင်းညိတ်ကြတော့ လွမ်း ပြုံးလိုက်မိသည်။
"အဖေတို့ကားက ရှေ့ရောက်သွားပြီလား"
"ဟုတ်တယ် အငဲ"
ဒီတစ်ခေါက်တော့ ရွာငံကို သူတို့မိသားစုပဲ ကားနှစ်စီးဖြင့် သွားကြတာပင်။ သီတင်းကျွတ်အခါတွင်းမို့ အဖိုး၊အဖွားနှင့်ဒေါ်လေးတို့ကတော့ တခြားရွာမှ အမျိုးတွေဆီကနေ ကန်တော့ခံကြရဦးမှာမို့ လွမ်းတိုင်းမှာပဲ ကျန်ခဲ့ကြသည်။
"ကိုလတ်...သီချင်းပြန်ဖွင့်လေ"
"ကောင်းပြီဗျာ"
လွမ်းတိုင်းကနေ စထွက်တုန်းကတော့ သူတို့ညီအစ်ကိုတွေချည်း ပါတဲ့ ကားထဲမှာ သီချင်းဖွင့်လာခဲ့သော်လည်း လမ်းတစ်ဝက်မှာ သူအိပ်ပျော်သွားလို့ ကိုလတ်က သီချင်း ပိတ်ထားခဲ့ခြင်းပင်။
"လိုက်ဆိုရအောင်လို့ ကျယ်ကျယ်လေး
ဖွင့်ပါဗျ""ဟုတ်ပြီ"
ကားထဲတွင် "အဖြူရောင်သံစဥ်" သီချင်း စတင် ပျံ့လွှင့်လာတော့ လွမ်းရဲ့စိတ်တွေပါ တက်ကြွရွှင်မြူးလာရသည်။
🎶ထင်းရှူးတောတန်း...တောင်တန်းကြီးတွေနဲ့...ဝိုင်းလို့ ကာဆီးထားတဲ့ မောမြေအမြင့်မှာ...
မြူနှင်းများက ရီဝေကာ အုံ့ဆိုင်းလို့နေတယ်...တောင်ကုန်းများက ဘော်ငွေရောင်ပမာ ရစ်သိုင်းလို့နေတယ်...
![](https://img.wattpad.com/cover/291302378-288-k987404.jpg)