တနင်္ဂနွေ ညနေဖြစ်သော်လည်း ချာတိတ်တစ်ယောက် အဆောင်ကို ပြန်မလာသေးပါ။ John မနက်ကတည်းက စောင့်ကြည့်နေသည်မှာ ညနေ လေးနာရီ ထိုးတော့မည်။ အခုထိ ချာတိတ်ရဲ့အရိပ်အယောင်ပင် မမြင်ရချေ။ ပိတ်ရက်ဆိုရင် အိမ်ပြန်ကြသည့် ကျောင်းသားတိုင်းလိုလိုက တနင်္ဂနွေနေ့တော့ အဆောင်ကို ပြန်ရောက်ကြပါပြီ။ မျှော်နေရင်းနဲ့ သူ စိတ်ပူစ ပြုလာ၏။ နေမကောင်းတွေ ဘာတွေများ ဖြစ်နေလို့လား မသိ။ အကျိုးအကြောင်း သိရအောင် ဆက်သွယ်စရာလည်း မရှိ။
"John...မင်း ဘာဖြစ်နေတာလဲ"
ထိုင်မရ ထမရ ဖြင့် ဂနာမငြိမ်နေသော သူ့ကို Isaacက မျက်စိနှောက်နေပုံရသည်။ John ဧည့်ခန်းကနေ ထွက်ခဲ့ကာ အိမ် ခြံတံခါးအပြင်ဘက်သို့ ထွက်ရပ်လိုက်၏။ အုတ်တံတိုင်းကို မှီကာ လမ်းဘက်ကို ကြည့်တော့ ချာတိတ်ရဲ့သူငယ်ချင်း ကောင်လေး သုတကို မြို့ပါတ်ကားပေါ်မှ ဆင်းလာတာ တွေ့ရသည်။တစ်ယောက်တည်း အပြင်ကနေ ပြန်လာပုံရသော သုတ ကလည်း သူ့ကို မြင်တော့ လမ်းဟိုဘက်ကို ကပ်လျှောက်လေ၏။
ခွန်ဦးက အဲ့ဒီ့ကလေးတွေကို သူတို့ မကောင်းကြောင်း ဘယ်လောက် ပြောထားလို့ မြင်တာနဲ့ လန့်နေရပါသနည်း။
"ဟိတ်!"
အသံပေးရုံပဲ ရှိသေးသည်။ ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားသော ကောင်လေး။
"မင်းကို မေးစရာရှိလို့"
နေရာမှာတင် မလှုပ်မယှက် ရပ်လျက်ရှိသည့် သုတ အနားသို့ John အပြုံးလေးနဲ့ လျှောက်သွားလိုက်သည်။
"ဘာ မေးမလို့လဲဗျ"
"လွမ်းလေ...သူ အဆောင်ကို ပြန်မလာသေးဘူးလား"
"မနက်ဖြန် မနက်မှ ပြန်လာမှာတဲ့"
"ေဩာ်"
မနက်ဖြန် Practical ချိန် မရှိလို့ ဖြစ်မည်။ John သူ့ရဲ့ အတန်းအချိန်ဇယားထက် ချာတိတ်ရဲ့ အတန်း အချိန်ဇယားကိုပဲ အလွတ်ရပါ၏။
"ဒါနဲ့ လွမ်းက Facebook သုံးလား"
"ဟုတ်"
"သူ့ Account လေး ပြောပြလို့ ရမလား"
"ဟုတ်ကဲ့"
သုတ က အင်္ကျီအိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်ပြီး Facebook App ထဲ ဝင်ကာ Friend list ထဲမှ ချာတိတ်ရဲ့ Accountကို
ပြသည်။
![](https://img.wattpad.com/cover/291302378-288-k987404.jpg)