PART [ 121 ]

9K 1.1K 224
                                    

"အငဲတို့ ရောက်ပြီ ထင်တယ်"

"ရောက်ရင် ဖုန်းဆက်မှာပေါ့"

ခရီးဝေးသွားလျှင် ခရီးပန်းပြီးဖျားတတ်သော အငဲကို ဇေရှိန်ဟန် စိတ်ပူတာ မလွန်ပါ။ ပြီးတော့ အငဲအတွက် ဒီခရီးက မိသားစုဝင်တွေ မပါသည့် ပထမဆုံး ခရီးဖြစ်သည်။ အငဲ တက္ကသိုလ်မတက်ခင်အချိန်အထိ မိသားစုလိုက် ခရီးသွားကြတဲ့အခါမျိုးဆို အငဲက အစ်ကိုတွေနားပဲ ကပ်နေတတ်တာပင်။

"စိတ်ပူနေတာလား"

မနက်စာကိုတောင် ဟုတ်တိပက်တိ မစားသော သူ့အား စိုင်းစေးက မေးလာတော့ ဇေရှိန်ဟန် ခေါင်းညိတ်ပြလိုက်၏။ သူက ရင်ထဲမှာ ခံစားရသမျှ မျက်နှာမှာ ပေါ်သည့် လူမို့ သူ့မျက်နှာရိပ် မျက်နှာကဲကို ကြည့်ရုံဖြင့် သူ့စိတ်ထဲ ဘာဖြစ်နေလဲဆိုတာကို ခန့်မှန်းဖို့က မခက်ပါ။

"လွမ်းက ကလေးလေး မဟုတ်တော့ဘူးနော် ရှိန်ဇေ"

"ငါ သိပါတယ်"

ကိုယ့်မျက်စိရှေ့၌ အရွယ်ရောက်လာလို့သာ ကလေးမဟုတ်တော့တာကို လက်ခံရပေမယ့် သူတို့ညီအစ်ကိုတွေအတွက်တော့ အသက်တွေဘယ်လောက်ကြီးကြီး အငဲက အငယ်ဆုံး ကလေးလေး ဖြစ်နေအုံးမှာပင်။

တစ်အိမ်လုံးက ပိုးမွေးသလို မွေးခဲ့ရသည့် ကလေးမို့ အငဲ တက္ကသိုလ်တက်ဖို့ အဆောင်ကို လိုက်ပို့ခဲ့ရတုန်းကဆို အပြန်ကျ ဇေရှိန်ဟန်တို့  တစ်မိသားစုလုံး မစားနိုင် မသောက်နိုင်ဖြင့် သုံးရက်လောက် လွမ်းနာကျခဲ့ကြရတာကို မှတ်မိသေးသည်။

သူတို့အိမ်ရဲ့ဆည်းလည်းလေး ဖြစ်သော အငဲတစ်ယောက် အိမ်မှာမရှိလျှင် သူတို့အိမ်က သိသိသာသာကို တိတ်ဆိတ်သွားတတ်ပြီး
အငဲရှိလျှင်တော့ နေ့နေ့ ညည ရယ်မောသံတွေနှင့်စိုပြေနေတတ်တာ မဟုတ်လား။

အငဲက အစ်ကိုတွေလောက် စာမလိုက်နိုင်လို့ ကိုးတန်းမှာ ဘော်ဒါဆောင်ပို့ရတုန်းကလည်း အငဲခမျာ အိမ်ကို လွမ်းဖျား ဖျားသဖြင့် ဇေရှိန်ဟန်ပဲ အငဲကို ဘော်ဒါဆောင်ကနေ အပြီး ခေါ်ပြန်လာခဲ့ဖူးသည်။

"မင်းတို့အိမ်က အငယ်ဆုံး​လေးကို သိပ်ချစ်တာပဲလား ရှိန်ဇေ"

Lovey DoveyWhere stories live. Discover now