ပထမနှစ်ဝက် စာမေးပွဲဖြေရန် တစ်လခန့်သာ လိုတော့သည်။
သျှားရင့် ကျောင်းနှစ်ရက် ပျက်ထား၍ လွတ်သွားတဲ့ သင်ခန်းစာတွေကို ပြန်လိုက်ပြီး လျှံသော အတွက်ပါ Note ထုတ်ပေးနေစဥ္မှာ ဖုန်းသံမြည်လာ၏။ Display မှာ ပေါ်နေတာက နံပါတ်စိမ်းဖြစ်ပေမဲ့ သူ ဖုန်းလက်ခံလိုက်ပါသည်။
"Hello"
"ကိုကိုသျှားရင့်"
"Jasmine?"
"ဟုတ်...ကိုကို အိမ်မှာရှိလား"
"အင်ဟင်း"
"Jasmine ကိုကိုတို့ အိမ်ရှေ့ ရောက်နေတယ်"
သျှားရင့် ဖုန်းကိုင်လျက်ဖြင့် အပေါ်ထပ် ဝရန်တာကနေ ခြံအပြင်သို့ လှမ်းကြည့်လိုက်တော့ ခြံတံခါးရှေ့တွင် စက်ဘီးလေးနဲ့ရပ်နေသည့် Jasmine ကို တွေ့ရ၏။
"ကိုကို လာပြီ"
"ဟုတ်ကဲ့"
၉ နှစ်အရွယ် ကလေးလေး တစ်ယောက်တည်း မြို့ထဲကနေ ဒီအထိ ရောက်လာတာဟာ အကြောင်းမဲ့တော့ မဟုတ်တန်ရာ။
သူ အောက်ထပ်သို့ ခပ်သွက်သွက် ဆင်းသွားလိုက်ပြီး ခြံတံခါး ပြေးဖွင့်လိုက်သည့်အခါ Jasmine က သူ့ကိုမြင်တော့ ပါးချိုင့်သေးသေးလေးတွေ ခွက်နေအောင်ကို ပြုံးပြလေ၏။
"ဝင်...ကိုကို စက်ဘီး သယ်လာပေးမယ်"
သူ့ လက်တစ်ဖက်နဲ့တင် မ'လို့ရသော စက်ဘီးလေးဖြင့် Jasmine က ကားတွေကို ဘယ်လိုများ ရှောင်စီးလာသည် မသိ။ အဖေတို့ အိမ်နှင့် ဒီအိမ်က မြို့ထိပ်နှင့်မြို့စွန်မို့ အတော်လေး ဝေးပါသည်။
"ဒီမှာ ခဏ ထိုင်နော်"
Jasmine က ခေါင်းညိတ်ပြတော့ သူ လက်ထဲက စက်ဘီးကို Jasmineရဲ့ နံဘေးတွင် ရပ်ပေးခဲ့ပြီး အိမ်ထဲသို့ ဝင်လာလိုက်၏။ သူ အဖေ့ကို ဖုန်းခေါ်ရင်း Dining room ထဲရှိ ရေခဲသေတ္တာထဲမှ Milo တစ်ဘူး ယူလိုက်သည်။ အဖေ ဖုန်းကိုင်တော့ Jasmine သူ့ဆီ ရောက်နေကြောင်း ပြောပြီး သူပြန်လိုက်ပို့မှာမို့ Jasmine ကို မဆူဖို့ပါ တစ်ခါတည်း မှာလိုက်၏။
"အမောပြေအောင် ဒါလေး သောက်လိုက်ဦး"
"ဟုတ်"
![](https://img.wattpad.com/cover/291302378-288-k987404.jpg)