အခန်း ၃ အပိုင်း ၁
နွေရာသီညများ၏ ညနေပိုင်းအချိန်က အနည်းငယ်နောက်ကျမှ ထွက်ပေါ်လာတတ်သော်လည်း ၎င်းတို့သည်လည်း အချိန်ကို ပြောပြနိုင်သေးသည်။ ရှောင်းယိုနဥ်တစ်ယောက် သူမ ပုန်းနေသော လမ်းကြားမှ ထွက်လာချိန်တွင် ကောင်းကင်ကြီးက လုံးဝမှောင်နေသည်ကို တွေ့လိုက်ရသည်။
"သခင်မလေး၊ ကျွန်မတို့ ဘယ်ကို သွားကြမလဲ?"
ယွမ်ကော်က သူမသခင်မလေး၏လက်မောင်းကို ဆုပ်ကိုင်ထားပြီး သူမ၏လုံးဝန်းသော မျက်လုံးနှစ်လုံးဖြင့် ဘေးပတ်ပတ်လည် နေရာများကို အဓိပ္ပါယ်မဲ့ လျောက်ကြည့်နေသည်။
သူမတို့၏နေအိမ်ကို တော်ဝင်အစောင့်များက ချိတ်ပိတ်ထားသည်ကို သူမတို့ ကြားသိခဲ့ရပြီး လီမိသားစုကလည်း အသိစိတ် ပျောက်ဆုံးနေပြီဖြစ်သောကြောင့် အခုအချိန်တွင် သူမတို့အတွက် သွားစရာနေရာ တကယ် မရှိတော့ပေ။
ရှောင်းယိုနဥ်က သူမ၏နောက်မှ ခပ်နိမ့်နိမ့် နံရံတစ်ခုကို မှီနေပြီး သူမ၏ခန္ဓာကိုယ်တစ်ဝက်ကို အမှောင်ထုက လုံးလုံးလျားလျား ဖုံးလွှမ်းထားကာ သူမကိုယ်တိုင်လည်း ငိုင်တွေနေပုံရသည်။
လမ်းပေါ်တွင် စျေးဆိုင်များ၏ တံစက်မြိတ်မှ မီးပုံးများက တွဲလောင်းကျနေပြီး လမ်းတစ်လျှောက် သက်ဝင်လှုပ်ရှား စည်းကားနေသည်။ လူတချို့က လျင်မြန်စွာ သွားလာနေကြပြီး တချို့က ခြေလှမ်းနှေးနှေးများဖြင့် အေးအေးဆေးဆေး လျောက်သွားနေကြသည်။ ဆိုင်များစွာမှ စားပွဲထိုးများက ဖောက်သည်များ သူတို့ဆိုင်ထဲသို့ ဝင်လာစေရန် ဆူညံစွာ ကြိုဆိုနေရင်း လက်ယပ်ခေါ်နေကြသည်။ သူတို့က ဘယ်လိုလူတွေပဲဖြစ်ဖြစ် ဒီလမ်းမှာရှိနေတဲ့ လူတွေအားလုံးမှာ ပန်းတိုင်တွေ ရှိကြပုံပေါ်တယ်။
ရှောင်းယိုနဥ်က ထိုနေရာတွင် ရပ်နေပြီး သူမသည်သာ ပန်းတိုင်မရှိသော တစ်ဦးတည်းသောသူ ဖြစ်သည်။၊ သူမတွင် ပြန်စရာ နေရာလည်း မရှိသလို ဒီနေရာသည်လည်း သူမနှင့် သက်ဆိုင်သောနေရာ မဟုတ်ပေ။
သူမ၏သခင်မလေးက ဘာမှ ပြန်မပြောသည်ကို တွေ့လိုက်ရသောကြောင့် ယွမ်ကော်က မော့ကြည့်လိုက်ရာ သူမ၏သခင်မလေးက ခေါင်းငုံ့ထားရင်း တစ်ခုခုတွေးနေပုံရကာ မျက်မှောင်ကြုတ်ထားသည်ကို တွေ့လိုက်ရသည်။ အချိန်အတော်ကြာပြီးနောက် ယွမ်ကော်က သူမ၏ခေါင်းကို မော့လိုက်ပြီး သတိကြီးစွာဖြင့် "သခင်မလေး၊ ဒုတိယသခင်ကြီးကို သွားရှာကြမလား?"

YOU ARE READING
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Historical FictionMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...