အခန်း ၆၃: ရက်စက်ကြမ်းကြုတ်မှု

2.7K 541 30
                                    

{Unicode}

အခန်း ၆၃: ရက်စက်ကြမ်းကြုတ်မှု

ကျောင်းဆင်းပြီးနောက် နင်နင်စာသင်ခန်းတွေရှိရာကိုပြန်လာခဲ့တယ်။

အခန်းသန့်ရှင်းရေးလုပ်နေတဲ့ကျောင်းသားကျောင်းသူတချို့ကို သူမပြောလိုက်တယ်။ "ဒီနေ့ဒီလောက်ပဲရပြီ၊ အိမ်ပြန်ကြတော့"

လူတစ်စုထွက်သွားပြီးနောက် နင်နင်နဲ့ဝမ်ယွီနှစ်ယောက်သာ စာသင်ခန်းထဲမှာကျန်ရစ်တော့တယ်။

"ပြော" နင်နင်ထိုင်ခုံတစ်ခုဆွဲထုတ်ကာ သူ့ဘေးမှာထိုင်ချလိုက်တယ်။ "ငါနားထောင်နေတယ်"

"ကောလဟာလတွေ" ဝမ်ယွီကသူမကိုကြည့်ကာ တဲ့တိုးပြောလိုက်တယ်။ "တီချယ်ယန့်ချင်အကြောင်း ကောလဟာလတွေအကုန်လုံး ခင်ဗျားဆီကနေစခဲ့တာ"

ညနေခင်းအချိန်ဖြစ်ပြီး အခန်းထဲမီးတွေမဖွင့်ထားတာကြောင့် အပြင်ဘက်ကညနေခင်းရှုခင်းက အရိပ်တွေအဖြစ်ဖြည်းညင်းစွာကူးပြောင်းလာတယ်။ သစ်ပင်တွေလေတိုးတဲ့အသံကို ရံဖန်ရံခါကြားနေရကာ လူတစ်ယောက်တီးတိုးပြောသံနဲ့ဆင်တူလို့နေတယ်။

"ငါဘာပြောခဲ့လို့လဲ?" နင်နင်မေးလိုက်တယ်။

"ခင်ဗျားပြောခဲ့တာ တီချယ်ယန့်ချင်ရဲ့အပြုအမူတွေက ကျင့်ဝတ်နဲ့မညီဘူးတဲ့" ဝမ်ယွီပြောလာတယ်။ "အဲ့ဒါပြီးရက်နည်းနည်းကြာတော့ တီချယ်ယန့်ချင်နဲ့ယောက်ျားတစ်ယောက်နမ်းနေတဲ့ပုံတွေ အများကြီးပဲပျံ့လာတယ်"

"အဲ့ဒီယောက်ျားက သူ့ရဲ့အမျိုးသားမဟုတ်ဘူးမလား?" နင်နင်ရေရွတ်လိုက်တယ်။ အမှန်တရားရဲ့တစ်စွန်းတစ်စကို ဖမ်းဆုပ်မိနေပြီလို့ နင်နင်ခံစားမိလာတယ်။

"မဟုတ်ဘူး၊ အဲ့ဒါကြောင့်မလို့ ခင်ဗျားအရင်ကပြောတဲ့အတင်းအဖျင်းကအမှန်ပဲလို့ လူတိုင်းထင်ကုန်ကြပြီးတော့ တီချယ်ယန့်ချင်ရဲ့အပြုအမူတွေက မသင့်လျော်ဘူးလို့အားလုံးပြောလာကြတယ်... ဒါပေမဲ့သူကဆန္ဒမရှိခဲ့ဘူး!" ဝမ်ယွီကျောင်းလွယ်အိတ်ကိုဖွင့်ကာ ပန်းချီစာရွက်တစ်ရွက်ကိုထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်။

နင်နင်အဲ့စာရွက်ကိုယူကြည့်လိုက်တယ်။ ဝမ်ယွီရဲ့ပန်းချီအရည်အချင်းကပိုပြီးတိုးတက်လာခဲ့တာပဲ။ ပန်းချီကဓာတ်ပုံတစ်ပုံလိုမျိုး ကျွမ်းကျင်စွာရေးခြယ်ထားတာကိုတွေ့ရတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now