အခန်း ၁၆၄: ရန်သူ

1.8K 366 20
                                    

{Unicode}

အခန်း ၁၆၄: ရန်သူ

မိတ်ကပ်ဆရာမရဲ့ အလောင်းက ကြမ်းပြင်မှာလှဲလျောင်းနေပြီး သူမရဲ့မျက်ဝန်းတွေက ပြူးကျယ်စွာပွင့်ဟလို့နေတယ်။

ပိတ်စအဖြူတစ်ခုက သူမရဲ့ခန္ဓာကိုယ်ပေါ်ကို ဖြည်းဖြည်းချင်း လွှမ်းခြုံလာခဲ့တယ်။

ချန်ရွှမ်းဟယ် ဆောင့်ကြောင့်ထိုင်ချကာ နောင်တနဲ့သေဆုံးသွားခဲ့ရတဲ့ သူမရဲ့မျက်ဝန်းတွေကိုမှိတ်ချပေးပြီး သူမရဲ့မျက်နှာကို ပိတ်စနဲ့လွှမ်းခြုံလိုက်တယ်။ တီးတိုးပြောသံတွေက ဘေးပတ်ပတ်လည်မှာ ရပ်ကြည့်နေကြတဲ့ လူပေါင်းစုံကနေ ထွက်ပေါ်လာလို့နေတယ်။

"စဉ်းစားကြည့်တော့မှ နင်ခုနကတည်းက ဒီနားမှာပဲရှိနေတာမလား?"

"ဘာပြောချင်နေတာလဲ? ငါ့ကိုလူသတ်သမားလို့ ထင်နေတာလား?"

"မဟုတ်တာ၊ မဟုတ်တာ၊ လူသတ်သမားကို တွေ့လိုက်လားလို့ မေးမလို့ကို"

"ဘာမှမတွေ့လိုက်ဘူး... နင်ဘာဖြစ်လို့လူကို အဲ့လိုကြည့်နေပြန်တာလဲ! ငါတကယ်ဘာမှကို မတွေ့လိုက်ရတာ!"

ချန်ရွှမ်းဟယ်က အလောင်းဘေးမှာ ဆောင့်ကြောင့်ထိုင်နေဆဲဖြစ်ကာ ခြေထောက်တွေကို စစ်ဆေးလို့နေတယ်။

လူသတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာ ရိုက်ကွင်းထဲကလူတွေက ကြောက်စိတ်ကြောင့်ပဲဖြစ်ဖြစ် ဆွေးနွေးပြောဆိုကြဖို့ပဲဖြစ်ဖြစ် အုပ်စုတွေဖွဲ့ကာ ပူးကပ်ပြီးရပ်နေကြတယ်။ ဒါပေမဲ့အခုတော့ ခြေထောက်တစ်စုံက ခြွင်းချက်ဖြစ်လို့နေတယ်။

ချန်ရွှမ်းဟယ် ဖြည်းဖြည်းချင်းထရပ်ပြီး သူ့ရဲ့အကြည့်တွေက ထိုခြေထောက်ပိုင်ရှင်ရဲ့ မျက်နှာပေါ်ကို အလိုအလျောက် ရွေ့လျားလို့သွားတယ်။

ယုန်မျက်နှာဖုံး။

"ပြေးရမလား?" ကွင်းဆက်လူသတ်သတ်သမားနဲ့ မျက်နှာချင်းဆိုင်တွေ့ရတဲ့အချိန်မှာ အေးဆေးတည်ငြိမ်နေနိုင်ဖို့က လူဘယ်နှစ်ယောက်လောက်မှ လုပ်နိုင်တဲ့အရာမဟုတ်ပေ။ နေရာကနေ ထွက်ပြေးဖို့အတွေးက ချန်ရွှမ်းဟယ်ရဲ့ခေါင်းထဲ ထွက်ပေါ်လို့လာတယ်။ ဒါပေမဲ့ထိုအတွေးကို သူမြန်မြန်ပဲ ခါထုတ်လိုက်တယ်။ "ဟင့်အင်း၊ သူငါ့ကိုမတွေ့သေးတာ ဖြစ်နိုင်တာပဲ၊ သူငါ့ကိုတွေ့ရင်တောင် မသတ်ရင်မသတ်လောက်ဘူး၊ စိတ်ငြိမ်ငြိမ်ထား၊ စိတ်ငြိမ်ငြိမ်ထားရမယ်..."

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now