အခန်း ၁၁၉: လှောင်အိမ်ထဲကအကျဉ်းသား

2.3K 474 42
                                    

{Unicode}

အခန်း ၁၁၉: လှောင်အိမ်ထဲကအကျဉ်းသား

အားလုံးပြီးဆုံးဖို့နှစ်ရက်အလို၊ အရာအားလုံးကပုံမှန်ပင်။

အနည်းဆုံးတော့ အပြင်ပန်းမှာအားလုံးက ပုံမှန်ဖြစ်လို့နေတယ်။

"ရှောင်အိုက်ကျဲ" တံခါးပွင့်သွားတာနဲ့ လီရှန့်ကျူရဲ့ပြုံးနေတဲ့မျက်နှာက သူမကိုနှုတ်ဆက်လာတယ်။ "မနက်စာဝယ်လာခဲ့တယ်"

မနက်စာကပဲနို့၊ အီကြာကွေး၊ နှင်းလုံးကြော်နဲ့ ပဲနီပေါက်စီဖြစ်တယ်။

"ဒါတွေမကြိုက်ဘူးလား?" သူကနင်နင့်မျက်နှာအမူအရာကို စစ်ဆေးလာတယ်။ "အဆီများလို့လား? ကျွန်တော်အောက်ထပ်မှာ ပေါင်မုန့်နဲ့နို့သွားဝယ်ပေးရမလား?"

"ဟင့်အင်း ဒီမနက်အစာစားချင်စိတ်သိပ်မရှိနေလို့" နင်နင်ဖြစ်သလိုပြောလိုက်ပေမဲ့ ခဏအကြာမှာပဲ တကယ်စားချင်စိတ်ပျက်စရာကိစ္စတွေ ထွက်ပေါ်လာတော့တယ်။

တစ်ညလုံးအသံမထွက်တဲ့သူမရဲ့ဖုန်းက အခုအသံမြည်လာပြီး သူမကိုအင်မတန်ဆိုးရွာတဲ့သတင်း သယ်ဆောင်ပေးလာတယ်။

"နင်ဒီနေ့ရုံးမလာခဲ့နဲ့" တစ်ဖက်ကနေ လေးပင်တဲ့အသံနဲ့ပြောလာတာက ကျန်းရှင်းအိုက်ရဲ့မန်နေဂျာ ဝူကျဲဖြစ်တယ်။ သူမအနားမှာ စီစီညံညံအသံတွေပြည့်လျှံလို့နေတယ်။ တစ်စုံတစ်ယောက်အော်ပြောလာတာကိုတောင် နင်နင်နားစွန်နားဖျားကြားလိုက်ရတယ်။ "ကျန်းရှင်းအိုက်အိမ်မှာသေနေတဲ့လူကဘယ်သူလဲ?"

"ကျန်းရှင်းအိုက်ကိုထွက်လာပြီး ဖြေရှင်းချက်ပေးဖို့ပြောလိုက်!"

"သူ့ကိုငါ့ရဲ့နတ်ဘုရားမလိုမျိုးဆက်ဆံမိခဲ့တာ အလကားပဲ! ငါတို့ရဲ့နောက်ကွယ်မှာ သူဘာတွေလုပ်နေတာလဲ?"

"ဘာတွေဖြစ်ကုန်တာလဲ?" နင်နင်မေးလိုက်တယ်။ "မနေ့ကပဲအဆင်ပြေနေသေးတယ်မဟုတ်လား?"

"အင်း မနေ့ကဘာမှမဖြစ်ပေမဲ့ ညတုန်းကအင်တာနက်ပေါ်မှာ နင့်မကောင်းကြောင်းရေးထားတဲ့ပို့စ်တွေ အများကြီးတက်လာခဲ့တယ်၊ တစ်ယောက်ယောက်က မီဒီယာကိုတောင်ခေါ်လိုက်သေးတယ်" ဝူကျဲကလိုရင်းကိုပြောလာတယ်။ "နင်ဘယ်သူ့ကိုရန်သွားစထားမိသေးလဲ? တစ်ယောက်ယောက်တော့ နင့်ကိုဆွဲချဖို့ကြံနေပြီ"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now