အခန်း (၂၃) အားလုံးက လူလုဖို့လာကြတာလား!

1.5K 185 9
                                    

Unicode>>

အခန်း (၂၃) အားလုံးက လူလုဖို့လာကြတာလား!

【ပြောလို့မရဘူး၊ ကိုယ်ကမှ သူများအချစ်ကို လုယူတဲ့တစ်ယောက် ဖြစ်နိုင်တယ်】

ချင်ရှောက်ယွီက ချက်ချင်း ထရပ်လိုက်ပြီး လက်တစ်ဖက်က ရှန်ချန်းလင်အား ရင်ခွင်ထဲ၌ မြဲမြဲမြံမြံ ပွေ့သိမ်းထားပြီး ဖြစ်၏။ လက်‌နောက်တစ်ဖက်ကမူ ဓါးအိမ်ထဲမှ ဓါးကို ဆွဲထုတ်လိုက်ရာ ငွေရောင် အေးစက်စက်အလင်းတန်းက လက်ကနဲ ဖြာသွားတော့သည်။

မျက်နှာကို ဖုံးထားသော လူဆယ်ယောက်ကျော်က အခန်းအတွင်းသို့ ဝင်ရောက်လာကြ၏။ လက်ထဲတွင် ပြောင်ပြောင်လက်လက် ဓါးရှည်များကို ကိုင်ဆောင်ထားသည်။ မိန်းမငယ်လေး၏ မျက်နှာအရောင်မှာ ဖြူဖျော့ကာ အလန့်တကြားဖြစ်နေသည်။ ထို့အပြင် ရှန်ချန်းလင်ရှိရာဘက်သို့ ပြေးလာချင်နေသည့်ဟန်။ သို့ပေတည့် ချင်ရှောက်ယွီက ခြေထောက်ဖြင့် လွင့်ထွက်သွားအောင် ကန်ထုတ်လိုက်ရာ မျက်နှာဖုံးများနှင့် လူများထံသို့ ပစ်ကျသွားတော့၏။

" ဝေ့! "

ရှန်ချန်းလင်က အထိတ်တလန့်ဖြစ်သွားရသည်။

" သည်လောက် အသက်အရွယ်ကြီးရင့်နေတဲ့ မိစ္ဆာအိုကြီးကလည်း သူ့ကိုယ်သူ အသက် ၂၀ လို့ပြောဝံ့သေးတယ်နော် "

ချင်ရှောက်ယွီ၏ လေသံက အေးစက်မာကျောလျက်။

ရှန်ချန်းလင်ကမူ အဆိုပါစကားကို ကြားသော် အံ့အားသင့်လျက် ခေါင်းနောက်ပြန်လှည့်ကြည့်မိရသည်။

" ဂိုဏ်းချုပ်ချင်ကတော့ အဖိုးတန်အရာတွေကို မြတ်နိုးကြင်နာရကောင်းမှန်း မသိတဲ့လူပဲ "

ထိုမိန်းမငယ်လေးက တဟားဟား ရယ်သည်။ ထို့နောက် မျက်နှာဖုံးကို ချွတ်ချလိုက်သော် အရေအကြောင်းများဖြင့် ရှုံ့တွန့်နေသော မျက်နှာတစ်ခုပေါ်လာသည်။

ဒါကြီးက တကယ့် တောထဲက ထွက်လာတဲ့ မိစ္ဆာလား?

ရှန်ချန်းလင်၏ ကျောပြင်တစ်လျှောက် တောင့်တင်းသွားရသည်။ မသိမသာလေး ဆတ်ကနဲ တုန်ယင်လျက်။

" ဖုန့်ကျိုယဲ့ကရော? "

ချင်ရှောက်ယွီက မခန့်လေးစားပုံဖြင့် ပြောသည်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now