အခန်း (၁၂၁) ဂိုဏ်းချုပ်ချင်က လိမ္မာတဲ့ အထက်ပုဂ္ဂိုလ်လေး ဖြစ်တယ်!
【ရှေ့ကို ခရီးဆက်ကြမယ်!】
ပွဲခင်းထဲ၌ မီးပုံပွဲဆက်လက်ဆင်နွှဲနေကြသည်။ အမွေးလုံးကတော့ ခံ့ခံ့ညားညား ဟိုဟိုဒီဒီ လျှောက်ပတ်စားသောက်ပြီးနောက် ဗိုက်ကလေးဟာ လုံးနေအောင် ထွက်လာပြီး အလွန်အမင်းပင် သောက်စားပျော်ပါးကာ အသုံးမကျသော မျိုးဆက်ငယ်၏ အသွင် ပေါ်ပေါက်နေပေ၏။
လျှို့ဝှက်တပ်သားတစ်သိုက်ဟာလည်း နောက်ကနေ ကောက်ကောက်ပါအောင် လိုက်ရင်း 'ငါတို့အိမ်က ဂိုဏ်းချုပ်ငယ်လေးက တကယ်ပဲ သြဇာတက္ကိမ ရှိလိုက်တာ၊ သည်ထက်ပိုပြီး မကြီးကျယ် မခမ်းနားနိုင်တော့ဘူးနော်၊ တစ်ချက်ကြည့်ရုံနဲ့ အရမ်းအားကိုးရမှန်း သိသာတယ်၊ သူ့နောက်လိုက်လုပ်ရတာ ငါတို့သိပ်သိပ်သိပ်ကို စိတ်လုံခြုံမှု ရတာပဲ' ဟူသော စုတ်သပ်မှုများ အပြည့်နှင့်ပင်။
မဝေးလှသော မီးပုံတစ်ခုပေါ်တွင်မူ ငါး ဆယ်ကောင်ကျော်မျှ ကင်ထားပြီး တဆစ်ဆစ် အသံများ မြည်လျက် လူကို ဆွဲဆောင်သော သင်းရနံ့များ ပျံ့လွင့်နေပေ၏။ သို့နှင့် အမွေးလုံးဟာ ခုန်ဆွခုန်ဆွနှင့် ပြေးသွားလိုက်တော့သည်။
သို့ငြား ပါးစပ်ထဲရောက်အောင် မစားလိုက်ရသေးခင်မှာပင် မူးယူးနေသော လူသန်ကြီးတစ်ယောက်က ညှစ်ယူဖမ်းလိုက်ခြင်းကို ခံလိုက်ရတော့သည်။
"အမွေးတောင် မနှုတ်ရသေးဘူး၊ အကင်ပေါ် ဘာလုပ်ကြတာလဲကွ?"
"ရပ်လိုက်စမ်း!"
တပ်သားများမြင်သော် အင်မတန် ထိတ်လန့်သွားကြသည်။
ငါတို့အိမ်က ဂိုဏ်းချုပ်အငယ်လေးကိုများ ကင်ရဲသေးတယ်။ စက္ကန့်နဲ့ အမျှ အသက်ချင်းလဲပစ်လိုက်မယ်ကွ!
သို့ရာ သူတို့ပင် အနားထိ ပြေးမသွားနိုင်ခင်မှာပင် အမွေးလုံးက လွန်စွာ စိတ်ဆိုးလျက် ခေါင်းငုံ့၍ နှုတ်သီးဖြင့် ထိုးဆိတ်ပစ်လိုက်သည်။
လူသန်ကြီးက နာကျင်သွားပြီး အော်ဟစ်ကာ လက်လွှတ်လိုက်ချိန်တွင် အမွေးလုံးဟာလည်း မြေပြင်ပေါ် ပြုတ်ကျသွားရသည်။ သို့အပြင် ချက်ချင်းပဲ ဝုန်းကနဲ ပြန်ခုန်ကာ တောင်ပံတိုတိုလေးများကို ဖြန့်ကျက်လျက် အနှီလူသန်ကြီး၏ မျက်နှာတည့်တည့်သို့ လွဲမှားမှု တစ်စက်ကလေးမျှမရှိပါဘဲ ပါးတွေနားတွေ ရိုက်ချလိုက်ပါတော့၏။
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
أدب تاريخيစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း