အခန်း (၈၉) ကိုယ်တောင်းပန်ပါတယ်!

599 103 8
                                    

အခန်း (၈၉) ကိုယ်တောင်းပန်ပါတယ်!

မြို့ပြင် တောတောင်ထဲသို့ ရောက်သည်အထိ ထာ့ပိုင်ရွှယ်က သူတို့နှစ်ဦးကို ခရီးတစ်လျှောက် ခေါ်ဆောင်လာသည်။ အနက်ရောင် ပေါင့်စန်းငှက်များသည် စူးရဲစွာ အော်မြည်တမ်းလျက် လက်မဝက်ပင် မခွာ နောက်ကနေ လိုက်လာကြ၏။

"မကြောက်နဲ့နော်"

ချင်ရှောက်ယွီက ရင်ခွင်ထဲကလူကို ပိုတိုးဖက်ထားသည်။

ရှန်ချန်းလင်သည် သူ့အင်္ကျီလက်စကို အသေအကြေ ဆုပ်ကိုင်ထားပြီး ရင်ထဲတွင်မူ ဘယ်တုန်းကမျှ မဖြစ်ဖူးသည့် ခြေမကိုင်မိ၊ လက်မကိုင်မိသော ခံစားချက်များ ဖြစ်ပေါ်နေသည်။

အနက်ရောင်ငှက်ကြီးတစ်ကောင်သည် အောက်သို့စိုက်၍ ထိုးဆင်းလာရာ ချင်ရှောက်ယွီက လက်ပြန်ဓားဝှေ့ရမ်း၍ နှစ်ပိုင်းဖြစ်အောင် ခုတ်ပစ်လိုက်၏။

အော်ဟစ်သံများကြားထဲတွင် သွေးစက်များသည် မိုးရေစက်များပမာ ဖြာကျလာပြီး သူတို့နှစ်‌ဦး၏ကိုယ်ပေါ်သို့ ပူနွေးစွာ စီးကျလာသည်။ ရှန်ချန်းလင်သည် ကျောပြင်တစ်ခုလုံး တောင့်တင်းလျက် အလိုလိုနေရင်း မျက်စိမှိတ်ပစ်လိုက်သည်။

မျက်စိရှေ့တွင် အလွန်ပင် နက်ရှိုင်းလှသော တောင်စွန်းသာ ကျန်ရှိတော့ရာ ထာ့ပိုင်ရွှယ်သည် ကျယ်လောင်စွာ မြည်ဟီးလျက် ရှေ့ခြေထောက်ကို မြောက်၍ ထိုနေရာ၌သာ ရပ်တန့်လိုက်တော့သည်။

ဖုန့်ကျိုယဲ့သည် ရှေ့ခြမ်းရှိ ကျောက်ဆောင်ပေါ်တွင် မတ်တပ်ရပ်နေပြီး သူတို့နှစ်ဦးအား အရသာခံလျက် ကြည့်နေသည်။

ပေါင့်စန်းငှက်များသည် ရေစက်များပမာ ထိုးဆင်းလာကြရာ ချင်ရှောက်ယွီလည်း များများစားစား မစဉ်းစားနိုင်တော့ဘဲ ရှန်ချန်းလင်ကိုသာ ပွေ့လျက် ပျံသန်းကာ လမ်းတစ်ခုပေါ်ထွက်လာအောင် သတ်ဖြတ်သွားရတော့သည်။

ဖုန့်ကျိုယဲ့က လက်ထဲက ရွှေရောင်ခြူကို လှုပ်ရမ်းလိုက်ပြီး ပေါင့်စန်းငှက်များကို သူ့အနားသို့ ပြန်ခေါ်ဆောင်လိုက်လေသည်။

ချင်ရှောက်ယွီသည် ရှန်ချန်းလင်အား ကာကွယ်လျက် လက်တစ်ဖက်တည်းဖြင့် ဓားကိုင်ထားကာ သူနှင့် အကြည့်ချင်းဆုံလိုက်သည်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now