Unicode>>
အခန်း (၄) ဘိုးဘေးလေးတစ်ယောက်ကိုမှပြန်ရွေးလာခဲ့တယ်
" အမေ့ဘေးမှာ လာထိုင်လှည့်"
ရှန်ချန်းလင် အိမ်ပေါ်ရောက်သည်နှင့် ရှန်သခင်မကြီးက ညောင်စောင်းအပျော့ပေါ်တွင် ထိုင်စေသည်။ ဘေးနားရှိ အစေခံမိန်းကလေးက ချက်ချင်း အမွှေးနံ့သင်းပျံ့သော လက်ဖက်ရည်ကြမ်းနှင့် သစ်သီးဝလံများကို ပြင်ဆင်ပေးလေသည်။ ရှိရှိသမျှ စားကောင်းသောက်ဖွယ်များကို ထုတ်လာပြီး စားပွဲနှင့် အပြည့်ချထားရာ သေချာပေါက် အကြာကြီး လေဖုတ်တော့မည် ဟန်ပန်ပင်။
ရှန်ချန်းလင်က အောက်သို့ ငုံ့ကြည့်ကာ ဆိုလိုက်သည်။
" အစ်ကို (၂) မရှိဘူးလား? "
ဘာလို့ သူ့အမေဒီလိုသောင်းကျန်းနေတာကို ဖြစ်သလို ပစ်ထားရတာလဲ!
"ခုနလေးကတင် သည်မှာချော့မော့နေသေးတယ်... နောက်တော့ ဒေါသတကြီးအပြင်ထွက်သွားတာပဲ"
ရှန်သခင်မကြီးက ဆက်လက်ပြီး နေကြာစေ့စားရင်း ဆိုသည်။
"သည်လို ဘာလေးဖြစ်လိုက်ဖြစ်လိုက် ငိုယိုနေတဲ့ အမေမျိုးရှိတာလဲ.. ချန်းချန်လည်း သနားပါတယ်"
"အဟွတ် အဟွတ်"
ရှန်ချန်းလင်မှာ သူ့စကားကြောင့် ရေသီးသွားရတော့သည်။
"ဖြေးဖြေး"
ရှန်သခင်မကြီးက သူ့ကို အမြန်ထူပေးကာ ကျောကိုပုတ်ပေးလေသည်။ သူ့လက်ကောက်ဝတ်ပေါ်ရှိ ရွှေလက်ကောက်၊ ငွေလက်ကောက်များမှာ ချလွင် ချလွင်ဖြင့် အသံထွက်လျက်။ ကြည့်လိုက်တာနဲ့ ထည်ဝါခမ်းနားလှပါပေသည်။
"ဒါမှမဟုတ် အဖေ့ကို သွားရှာပြီး လာကြည့်ကြည့်ခိုင်းရင်ရော?"
ရှန်ချန်းလင်က စိတ်ပူစွာ ပြောသည်။
"တကယ်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?"
"မင်းအဖေကို သေချာပေါက် ခေါ်လို့မဖြစ်ပါဘူးနော်"
ရှန်သခင်မကြီးက သူ့နားအနားကပ်ကာ တီးတီးပြောပြသည်။
"မခေါ်ပေးရုံတင်မကဘူး..အမေက အပြင်ကို လူလွှတ်ပြီးတော့တောင် မင်းအဖေပြန်လာတာ နောက်ကျအောင် လုပ်ထားသေးတယ်.. သူ့ကို အတော်ကြာတဲ့အထိတော့ ပြန်လာနိုင်ဦးမှာ မဟုတ်ဘူး"
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Ficción históricaစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း