အခန်း (၇၉) လော့ရွှယ်သခင်လေး သို့မဟုတ် အရူး!

1.3K 162 7
                                    

အခန်း (၇၉) လော့ရွှယ်သခင်လေး သို့မဟုတ် အရူး! 

ရှန်ရှောင်ရှို့က သိတတ်နားလည်မှုရှိလိုက်တာ!

ထိုစကားတစ်ခွန်းသည် အခန်းရှိ လူအားလုံးကို ထိတ်လန့်သွားစေ၏။

အားလုံး မတုံ့ပြန်နိုင်သေးခင်တွင် ယင်ဝူရွှမ်းသည် ပျံသန်း၍ ထွက်သွားတော့သည်။

ရှေ့ခြံဝန်းထဲ၌ ပွက်ပွက်ညံအောင် ရှုပ်ထွေးနေပြီး ယင်လော့ရွှယ်သည် မျက်လုံးအစုံဟာ နီရဲတောက်လျက် လက်တစ်ဖက်က ဓားဆွဲကာ မြင်မြင်သမျှအား ခုတ်ဖြတ်နေသည်။ ကျန်းကျောင်းလုံနှင့် ကျန်းယင်လုံတို့မှာလည်း သူ့ကြောင့် နောက်ဆုတ်ဆုတ်ရင်းသာ ဆုတ်နေရတော့သည်။ ဝူရွှယ်မန်ဂိုဏ်း၏ မျက်နှာကို ထောက်ထားရသဖြင့် မည်သူကမျှလည်း သူ့ကို ဒဏ်ရာရအောင် မလုပ်ဝံ့ကြ။ သည်အတိုင်းဆုံး ပြေးစရာလမ်းမရှိတော့။

ကံကောင်းစွာဖြင့် ယင်ဝူရွှမ်းသည် သတင်းကြားကြားချင်း အလျင်အမြန် ရောက်လာချေ၏။ ကျန်းအိမ်မှ ညီအစ်ကို နှစ်ယောက်လည်း အခုမှပဲ သက်ပြင်းချလျက် အနောက်သို့ တညီတညာတည်း ပျံသန်းနောက်ဆုတ်ပေးလိုက်ပြီး ဤလက်ပူလောင်စေသော ပြဿနာကို သူ့လက်ထဲသာ အပ်လိုက်ကြတော့သည်။

"လော့ရွှယ်!"

ယင်ဝူရွှမ်းက အော်ဟစ်လေသည်။

ယင်လော့ရွှယ်ကမူ သူ့ကို ထုံထိုင်းစွာ ကြည့်နေပြီး လက်ထဲမှ ဓားအား တစ်ခြမ်းစောင်း၍ သူ့ကို တည့်တည့် ချိန်ရွယ်ကာ ပြေးဝင်လာတော့သည်။

ရှန်ချန်းလင်သည် ချင်ရှောက်ယွီက တစ်ပါတည်း ပွေ့ချီ၍ ခေါ်လာခြင်း ဖြစ်ရာ တိုက်တိုက်ဆိုင်ဆိုင် ဤမြင်ကွင်းနှင့် တိုးတော့သည်။ ယင်ဝူရွှမ်းသည် မြေပြင်ကနေ လွှားကနဲ ခုန်ပျံလိုက်ရာ အဖြူရောင်ဝတ်ရုံက လေထဲတွင် ဝဲကနဲ။ ဝိညာဉ်သက်ဝင်နေသော သလင်းလိပ်ပြာဘိနှယ်။ ကြည့်လျှင် ပျော့ညံ့လွန်း၍ လေတိုက်မခံနိုင်သည့်အလား၊ တကယ်တမ်း လျှပ်စီးထက်ပင် မြန်ဆန်ဖျတ်လတ်လွန်းပေ၏။

ရှန်ချန်းလင်၏ စိတ်ထဲတွင် ရုတ်ခြည်း ပိစိကလေး အန္တရာယ် ရှိသည်ဟု ခံစားလိုက်ရတော့သည်။ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ သေချာပေါက် အေရိုးဗစ်ထက် အသာကြီး။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now