【မင်းအပူတစ်ပြားသားတောင်ပါလို့လား!】
ဖျားနာအားနည်းနေသော လီပေါ်ကျင်နှင့် ယှဉ်လျှင် လီပေါ်ဟောက်သည် အများကြီး ပို၍ ကျန်းကျန်းမာမာ ရှိနေပုံရ၏။ သတိလစ်မေ့မျောကာနေသော်ငြား မျက်နှာအရောင်အသွေးက အလွန်အမင်း ဖြူဆုတ်နေသည့်အထိ မဖြစ်သင့်ပါချေ။
" ခန္ဓာကိုယ်ပေါ်မှာ တခြား ဒဏ်ရာရှိသေးလား? "
ချင်ရှောက်ယွီကမေးသည်။
ဟွားထန်က ခေါင်းခါလျက် -
" မတွေ့မိဘူးရှင် ၊ တခြားလူတွေနဲ့ အတူတူပဲ .. အရင်ဆုံး အိပ်မွေ့ချတဲ့အငွေ့ကို ရှူမိသွားတာပဲ ဖြစ်မယ် "
" ဘယ်ကနေလာတဲ့ မိစ္ဆာအောက်တန်းစားတွေလည်း မသိဘူး "
ချင်ရှောက်ယွီက မျက်မှောင်ကြုတ်သည်။
" ရှောင်ဝူဘက်ကရော ဘာသတင်းရှိသေးလဲ? "
ဟွားထန်က မေးသည်။
" သံသယဖြစ်စရာလူတွေတော့ ရှာတွေ့ထားတယ် ၊ ဒါပေမဲ့ အကုန်စောင့်ကြည့်နေဆဲပဲ "
ချင်ရှောက်ယွီက ဆိုသည်။
" သက်သေသက်ကာရ မရှိဘဲ လျှောက်ဖမ်းလို့လည်း မဖြစ်ဘူးလေ "
" ကြည့်ရတာ သည်အတိုင်းပဲ အချိန်ဖြုန်းနေရဦးမယ် ထင်တယ် "
ဟွားထန်က သက်ပြင်းချသည်။
" ကျွန်မတို့မှာ ဘာသဲလွန်စမှ မရှိဘူးလေ၊ မြို့ထဲက ယောကျ်ားလေးတွေ တစ်ယောက်ပြီး တစ်ယောက် ဒုက္ခပေးခံနေရတာ ၊ အပြင်မှာ ကောလဟာလတွေတောင် ပျံ့နေပြီ ၊ သည်တစ်ခေါက်က လုံးဝ လူလုပ်တဲ့ကိစ္စမဟုတ်ဘူး ၊ မိစ္ဆာပဲ ဖြစ်မယ် ဆိုပြီး "
" လူလုပ်တာပဲ ဖြစ်ဖြစ် ၊ မိစ္ဆာလုပ်တာပဲ ဖြစ်ဖြစ် ၊ ကတိပေးထားမှတော့ သေချာပေါက် ရအောင် ဖြေရှင်းပေးရမှာပေါ့ "
ချင်ရှောက်ယွီက အပြင်သို့ ထွက်လာလိုက်သည်။
" ဖန့်ယန်ကို စာကြည့်ဆောင်မှာ ငါ့ကို လာတွေ့ခိုင်းလိုက် "
" အဖွဲ့ခေါင်းဆောင်ဖန့်က အပြင်ထွက်သွားတယ် "
ဟွားထန်က ဆိုသည်။
![](https://img.wattpad.com/cover/360258638-288-k16868.jpg)
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း