ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၄)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၀၅) : အသက်ရှည်ခြင်းလမ်းစဉ်ကို ရှာဖွေခြင်း
" နောက်ဆုံးစစ်ဆေးမှုက ရိုးရိုးလေးပဲ။ မင်းတို့ရဲ့စိတ်ကို သေမျိုးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ပို့လွှတ်ခံရမယ်။ အဲဒါက ဝိညာဉ်ချီမရှိတဲ့ သေမျိုးကမ္ဘာမှာ ဇာတ်အိမ်တည်ထားတယ်။ မင်းတို့ရဲ့ တာဝန်က အသက်ရှည်ခြင်းနည်းလမ်းကို ဖန်တီးဖို့ပဲ။ အဆင့်ကို ဘယ်သူက အသက်အရှည်ဆုံးနေနိုင်မလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ ဆုံးဖြတ်မယ်" အရှင်စိတ်ဝိညာဉ်က ပြောလိုက်သည်။
" ဝိညာဉ်ချီ မရှိသလောက်လို့ ပြောတာကို အတိအကျ ပြောပြပေးလို့ရမလား" ထုံရို့ပင်းက ပြောလိုက်၏။ ပြောရလျှင် ဝိညာဉ်စွမ်းအား လုံးဝမရှိသည့်ကမ္ဘာနှင့် အနည်းငယ် ရှိသည့်ကမ္ဘာကြား ကွာဟချက် ရှိလေသည်။
" မင်းတို့ဘာသာ မင်းတို့ ရှာဖွေကြ။ နောက်ထပ် မေးစရာရှိသေးလား"
မည်သူကမှ ဘာမှမပြောကြဘဲ ဤစစ်ဆေးမှု အောင်မြင်ဖို့ရာသာ စဉ်းစားနေကြသည်။ အခြေခံထောက်ပံ့ထားသည့် သတင်းအချက်အလက်များမှ သူတို့သည် ဖော်ပြသည်ထက် ပိုမိုရှုပ်ထွေးမည်ဖြစ်ကြောင်း သိသာလှ၏။
" ဒီလိုဆိုရင် စလိုက်ကြရအောင်"
ပြိုင်ပွဲဝင်များက မျှော်နန်းဆောင်ဆီ ဦးတည်သွားကြသည်။ ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်သည့်အခါ သူ့ကိုယ်သူ ကျောက်တုံးလို မာကြောနေသည့် ကုတင်ပေါ်တွင် လဲလျောင်းနေကာ အကြိမ်များစွာ လျှော်ဖွပ်ထားသည့် အဝတ်အစားဟောင်းများ ဝတ်ဆင်ထားသည်ကို မြင်လိုက်ရသည်။ သူက ကုတင်မှ ထရပ်ကာ သူ့ကိုယ်သူ ကြည့်လိုက်သည့်အချိန် ပိန်လှီကာ အာဟာရပြတ်လပ်နေသည်ကို မြင်လိုက်ရ၏။
ကမ္ဘာမြေတွင် မိဘမဲ့တစ်ယောက်ဖြစ်စဉ်အခါကပင် သူက ထိုမျှ အားမနည်းခဲ့ပေ။
ဝမ်ဝေ့က သူ့ပုံရိပ်ကို မြင်ရဖို့ ကြေးမုံဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာလိုက်၏။ တခြားတစ်ယောက်၏ မျက်နှာအစား သူ့မျက်နှာသာ ဖြစ်နေသည်။ ထို့နောက် သူ့စိတ်ထဲ သတင်းအချက်အလက် တချို့ပေါ်ထွက်လာပြီး ဤရွာတွင် သူက မိဘမဲ့ တစ်ယောက်ဖြစ်ကြောင်းနှင့်အတူ ရွာနှင့် ရွာသားများ၏ အခြေခံသတင်းအချက်အလက်များ ပါဝင်သည်။