ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၉)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၇၈) : လျှို့ဝှက်စည်းမျဉ်းများ
ဝုန်း
ဝမ်ဝေ့နှင့် အဖွဲ့က မိုးထိလုမတတ် မြင့်မားနေသည့် တောင်ထိပ်ပေါ်ရှိ စံအိမ်ကို လှမ်းကြည့်လိုက်ကြသည်။ ထိုအရာက နှင်းများကြောင့် ဖြူဖွေးနေသည့် ကမ္ဘာတစ်ခု ဖြစ်နေပြီး အောက်ခြေမှ ထိပ်ဆုံးအထိ လမ်းတစ်ခုသာ ရှိ၏။
"ဒီဟာက အုပ်စိုးဖို့အတွက် အိပ်မက်ဆိုးပဲ" ထျဲ့ကန်က ပြောလိုက်သည်။
"လမ်းက တစ်ခုပဲ ရှိတယ်။ ကျုပ်တို့ တပ်ဖွဲ့တွေ ထိပ်မရောက်ခင် သုတ်သင်ခံရနိုင်တယ်။ မသေနိုင်တဲ့ တပ်ဖွဲ့နဲ့ဆိုရင်တောင် စံအိမ်ဆီ ရောက်ဖို့ ဆုံးရှုံးမှု အမြောက်အများ ရှိလိမ့်မယ်"
"ဒါက နှစ်လွှာအစီအရင်ပဲ" ယန်းလီလင်းက ထပ်ပြောလိုက်သည်။
"အပြင်ပိုင်းအစီအရင်က တောင်ကို ဖုံးလွှမ်းထားပြီးတော့ အတွင်းပိုင်းအလွှာက စံအိမ်ကို ကာကွယ်ထားတယ်။ နှစ်ခုလုံးက မသေမျိုးအဆင့်ပဲ"
"အစီအရင်အဖျက်ကောင်လည်း ဒီအစီအရင်တွေအတွက် အလုပ်မဖြစ်လောက်ဘူးမလား" လီကျွင်းက မေးလိုက်သည်။
"မရဘူး" ဝမ်ကျူက ပြန်ဖြေလိုက်၏။
"ဒီအစီအရင်နဲ့ဆိုရင် လျှို့ဝှက်လှိုဏ်ခေါင်း တူးပြီးတော့ ထိပ်ရောက်ဖို့ကလည်း မဖြစ်နိုင်ဘူး" လီကျွင်းက ထပ်ပြောလိုက်သည်။
"သူတို့က အရင်းအမြစ် အပြည့်အဝရှိတဲ့ ကမ္ဘာငယ်တစ်ခုလိုဖြစ်နေတော့ ပိတ်ဆို့တဲ့ နည်းဗျူဟာကလည်း အသုံးဝင်မှာ မဟုတ်ဘူး။ ဒီအပူချိန်တွေ နိမ့်ကျမှုက ကျုပ်တို့တပ်သားတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိလာမလဲဆိုတာကို မသိရသေးဘူး။ ဒီတုံးအအ ကစားပွဲအရ အကျိုးဆက်တွေက ရှိလာလိမ့်မယ်"
အားလုံးက မြေပုံကို ကြည့်ကာ ခေါင်းအသာယမ်းလိုက်ကြ၏။ ကန့်သတ်ချက် မရှိလျှင် သူတို့က တောင်ကို အုပ်စိုးဖို့ရာ ရွေးချယ်မှုများစွာ ရှိလေသည်။ သို့သော် ယခုတွင် ထိုးဖောက်မဝင်ရောက်နိုင်ပေ။