ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၉)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၈၀) : အဘေး
ဝမ်ဝေ့က သူ့ရှေ့ မြောလွင့်နေသည့် လူငယ်လေးတစ်ဦးကို မြင်လိုက်ရသည်။ ထိုလူငယ်က ချောမောပြီး ဝိညာဉ်ကိုပင် ထိုးဖောက်မြင်နိုင်သည့် အနီရောင် မျက်ဝန်းမျိုး ပိုင်ဆိုင်ထား၏။ ထိုသူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူတို့က တကယ့်အဝတ်အစား မဟုတ်ဘဲ အရိပ်မှ ပြုလုပ်ထားသည့် ဝတ်စုံမျိုးသာ ဖြစ်နေသည်။
သူ့အသက်အရွယ်က ငယ်ရွယ်ဟန်ထင်ရသော်လည်း လောကဓံတရားတို့ ကျော်ဖြတ်လာရသည့် အငွေ့အသက်မျိုးရှိနေကာ သူ့ဂိုဏ်းမှ ဘိုးဘေးများထက်ပင် ပိုမိုရှေးကျသည်ဟု ယူဆနိုင်လေသည်။
"ခင်ဗျားက ဘယ်သူလဲ" ဝမ်ဝေ့က သတိကြီးကြီးထားကာ မူလအရှင် ပေးထားသည့် အဆောင်ကို အသက်သွင်းဖို့ အသင့်ပြင်ထားရင်း မေးလိုက်သည်။
"လူတွေက ငါ့ကို မိစ္ဆာအဘေးလို့ခေါ်ကြတယ်။ ဒါပေမဲ့ ငါ့နာမည်က မော့ယွမ်"
"မိစ္ဆာအဘေးလား။ ခင်ဗျားက မိစ္ဆာမျိုးနွယ် ဒိုင်မေးရှင်းအနိမ့်ကို ကျူးကျော်တဲ့ကိစ္စမှာ တာဝန်ရှိတဲ့ အစစ်အမှန်မိစ္ဆာလား"
"မင်းက အဲဒါတောင် သိတယ်လား။ ဘာမှတော့ အံ့ဩစရာတော့ မရှိပါဘူးလေ။ ဒါပေမဲ့ မင်း ပြောတာမှန်တယ်"
"ခင်ဗျားက သေသွားပြီ မဟုတ်ဘူးလား"
"ငါလည်း အဲ့လို ထင်ခဲ့တာပဲ။ ဒါပေမဲ့ အမုန်းတရား၊ အငြိုးတရား၊ စိတ်ဆန္ဒနဲ့ စွဲလမ်းမှုတွေက ဆန်းကြယ်မှုတွေကို ဖန်တီးနိုင်တယ်လေ"
"အဲလိုဖြစ်နိုင်ပါတယ်" ဝမ်ဝေ့က ကိစ္စများစွာကို ရုတ်ချည်း နားလည်သွားသည့်အတွက် ပြန်ပြောလိုက်သည်။ ယခု ဝမ်ဝေ့အနေနှင့် ထိုသူက ဤကုန်းမြေ၏ ကောင်းကင်တာအိုကို ဖန်တီးခဲ့ပြီး ဤနေရာရှိ မိစ္ဆာများကို ကာကွယ်ဖို့ စွမ်းအားပေးကာ အဆင့်မြှင့်တင်ထားခဲ့သူဖြစ်ကြောင်း သိလိုက်ရသည်။