ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၈)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၆၁) : သူ့ခေတ်ကာလ
ဝမ်ဝေ့နှင့် အဖွဲ့တို့က မြို့အရှင်၏ စံအိမ်အတွင်း ထိုင်နေကြကာ အခြေအနေကို ပြန်သုံးသပ်၍ အနာဂတ်အတွက် ပြင်ဆင်နေကြသည်။ ဝမ်ဝေ့က သူ့ဘုရင်အမှတ်အသားပြားအား ကြည့်လိုက်ပြီးနောက် အသက်ဝင်လာနေသည်ကို မြင်လိုက်ရသည်။ ဆိုလိုသည်မှာ ထိုမိစ္ဆာမျိုးနွယ်ကို သတ်ဖြတ်ခြင်းက သက်ရောက်မှု ရှိ၏။
" ငါတို့တွေ ဆုံးရှုံးမှုက ဘယ်လိုလဲ"
" သတ်ဖြတ်ရေးအဖွဲ့က လူအသေအပျောက် အနည်းငယ်နဲ့ ဒဏ်ရာရတဲ့သူ အနည်းငယ်ရှိတယ်။ ဒါပေမဲ့ မသေနိုင်တဲ့ တပ်ဖွဲ့ကတော့ သေဆုံးမှု မရှိဘူး" လီကျွင်းက အားကျစွာ ပြောလိုက်သည်။
ထျဲ့ကန်က မသေနိုင်သော တပ်ဖွဲ့အတွင်းရှိ စစ်သားတစ်ဦးချင်းစီ၏ အသက်နှင့် ဆက်နွယ်ထားသည့်အတွက် သူတို့ကို သတ်ဖို့ရာ စိန်ခေါ်မှုတစ်ခု ဖြစ်၏။
" မင်းရဲ့ ပင်ကိုစွမ်းရည်အပေါ် အခြေခံထားတဲ့ကျမ်းကရော ဘယ်မှာလဲ"
" ကျုပ်က ခင်ဗျားတို့လိုမျိုး အားကောင်းပြီး ထူးခြားတဲ့ ကျမ်းကို အလွယ်တကူ ဖန်တီးနိုင်မယ်လို့ ထင်နေတာလား။ အခုမှ လုပ်နေတုန်းပဲ ရှိသေးတယ်" ထျဲ့ကန်က ပြောလိုက်၏။
" ငါတို့က မင်းကို အကူအညီ ပေးနိုင်တယ်"
"ကျုပ်မှာလည်း ကျုပ်မာနနဲ့ပါ။ ပြီးတော့ ကျုပ်အလိုလိုသိစိတ်က ကိုယ့်ဘာသာကိုယ်ဖန်တီးနိုင်တယ်ဆိုရင် အခွင့်အရေးကောင်း ဖြစ်လာနိုင်တယ်လို့ ပြောပြနေတယ်"
" ကောင်းပြီ။ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲရောက်လာတော့မှာဆိုတော့ မြန်မြန်လုပ်တာ ကောင်းလိမ့်မယ်။ ငါ့လူတွေကို လေ့ကျင့်ပေးဖို့ အချိန်လုံလောက်ဖို့လည်း လိုအပ်သေးတယ်"
" လီကျွင်း ပြောတာမှန်တယ်" ဝမ်ဝေ့က ပြောလိုက်၏။
"ရှင်းလင်းရေးပြီးသွားရင် ဂိုဏ်းဆီကနေ မင်းကို ကူညီဖို့ ဉာဏ်အလင်းပွင့် နှိုးဆော်ရေး အရင်းအမြစ်တွေကို တောင်းပေးမယ်"