အခန်း (၇၀၄) : ပျောက်ကွယ်သွားမှု
ဝမ်ဝေ့က မျက်လုံးကို ဖွင့်ကာ သူ့ရင်ခွင်ထဲ ရှိနေသည့် ဇနီးသည်လေးအား ကြည့်လိုက်၏။ ယမန်နေ့ညက သူမသည် အားငယ်နေသည့်အတွက် အိပ်စက်သည့်အခါ အချင်းချင်း တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့ကြသည်။ သူတို့က စကားဖြင့် မပြောကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် နွေးထွေးမှုကို ရှိရုံဖြင့် လုံလောက်နေကြပြီ ဖြစ်သည်။
"ဘယ်လိုနေသေးလဲ"
"ပိုကောင်းလာပါပြီ"
ဝူဟုန်က အပြုံးလေးဖြင့် ပြောလိုက်စဉ် ဝမ်ဝေ့က ငေးမောသွားလေ၏။ သူမ၏ ဖြူစွတ်နေသည့် ညအိပ်ဝတ်စုံနှင့် တောက်ပနေသည့် အပြုံးက ပိုမိုသန့်စင်သွားကာ တစ်ခါမှ မတွေ့ကြုံဖူးသည့် နူးနူးညံ့ညံ့ အငွေ့အသက်မျိုး ပေးစွမ်းနေသည်။
"မင်းက လှလိုက်တာ" သူက သူမ နဖူးကို အနမ်းပေးရင်းပြောလိုက်သည်။
"ကျွန်မက အမြဲတမ်း လှနေတာ မဟုတ်ဘူးလား"
"ဒါပေါ့။ ဒီနေ့မင်းက အလင်းတန်းတွေ ဖြာထွက်နေသလိုပဲ"
"ကျေးဇူးပါ။ ဒါပေမဲ့ ရှင်ကလည်း မဆိုးပါဘူး" ဝူဟုန်က သူ့မျက်နှာကို အသာထိတွေ့ရင်း ပြောလိုက်သည်။
"မဆိုးဘူးတဲ့လား။ ကိုယ်ဘယ်နေရာသွားသွား ထမင်းပျော့စားလို့ရတယ်ဆိုတာ သိတယ်မလား"
( ယောကျ်ားဖြစ်သူက ရုပ်ရည်ခန့်ညားချောမောလွန်းလို့ မိန်းမဖြစ်သူအပေါ် ငွေကြေးပိုင်း၊ တခြားအရာတွေအတွက် မှီခိုနိုင်တာမျိုးကို ပြောတာပါ)
"ကျွန်မကလည်း ရှူးဂါးဒယ်ဒီ လွယ်လွယ်လေး ရနိုင်တယ်ဆိုတာကို သိတယ်မလား" သူမက ပြန်ဖြေလိုက်၍ ဝမ်ဝေ့က ရှုံ့မဲ့သွားသည်။
"ကောင်းပြီ။ မင်း နိုင်တယ်"
"ကောင်းပြီ။ ရှင်က ကျွန်မရဲ့ ကစားစရာလေးဆိုတော့ ရှင့်အဆင့်အတန်းကို မမေ့ပစ်လိုက်နဲ့"
"ဟုတ်ကဲ့ပါ ကိုယ့်ဘုရင်မလေး"
"ရှင်က မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်တယ်ဆိုတော့ လက်ဆောင်ပေးမယ်" ဝူဟုန်က ပြောလိုက်၏။