ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၇)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၄၇) : သေမျိုးတဖန် အပိုင်း (၆)
ဝမ်ဝေ့၏ ၂၈ ဘဝမြောက်တွင်
သူက တူညီသည့် ဇာတ်သိမ်းခန်းအတွင်း မျက်လုံးကို ဖွင့်လာပြီးဖက်တီးကျွင်းကလည်း သူ့ကို စိုးရိမ်တကြီး ကြည့်နေလေသည်။ သို့သော်လည်း ကွဲပြားချက်က သူ့တွင် ပြုံးပျော်နေသည့် အပြုံးမျိုး ရှိနေ၏။ ယခင်ဘဝက သူသည် နှစ် ၂၀ နှောင်းပိုင်းအတွင်း သူ့ရောဂါ၏ ကုထုံးကို ဖန်တီးနိုင်ခဲ့သည်။ ထို့ကြောင့် ဝမ်ဝေ့က ဤဘဝတွင် သက်တောင့်သက်သာနေဖို့ ဆုံးဖြတ်ထားပြီး လူငယ်ဘဝ၏ နောင်တရစရာများကို ပြန်လည်ဖြည့်တင်းမည် ဖြစ်သည်။
" ဖက်တီး ငါ အဆင်ပြေတယ်" ဝမ်ဝေ့က ပြောလိုက်၏။
" ကောင်းတယ်"
" ဒါနဲ့လေ ငါ့ဆီမှာ အကြံတစ်ခု ရှိလာတယ်။ မင်းရော ကျောင်းရဲ့ ပန်းပွင့်လေး ယန်းလီလင်းကို တွဲဖို့ပြောလိုက်ပါလား။ ငါလည်း ဝူဟုန်ကို ဖွင့်ပြောတော့မယ်"
ဖက်တီးကျွင်းက သူ့ကို အရူးတစ်ယောက်အလား ကြည့်လိုက်၏။ သူက လက်ကိုမြှောက်ကာ သူ့အစ်ကိုကြီးနဖူးကို စမ်းလိုက်ပြီး " အဆင်ပြေရဲ့လား"
" အဆင်ပြေမှပြေပဲ"
" အဲဒါဆို ဘာလို့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာတုန်း"
" ငါတို့က တစ်ခါပဲ ငယ်တာလေ။ ဘာလို့ မစွန့်စားရမှာလဲ။ ပြောရရင် ဘာများအဆိုးဆုံး ဖြစ်နိုင်မှာမလို့လဲ။ ငြင်းဆန်မှုလား။ လူအများကြားမှာ ငါတို့ကို အရှက်ခွဲတာက အဆိုးဆုံးဖြစ်လာနိုင်ချေ ရှိတာပဲ။ ဒါပေမဲ့ အဲ့လိုဆိုရင် သူတို့ရဲ့ အကျင့်စရိုက် ဆိုးရွားတာကို ဖော်ပြနေတာဆိုတော့ ငါတို့က အဲလိုလူမျိုးတွေနဲ့ ဆက်သွယ်ဖို့ လိုဦးမှာမလို့လား"
ဖက်တီးကျွင်းက ထိုစကားများသည် အဓိပ္ပာယ်ရှိကြောင်း ထင်မိ၏။ တစ်ချိန်တည်းဆိုသလို တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားမိကာ သူက ပြန်လည်ချေပဖို့ စကားကို မရှာနိုင်ပေ။