ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၇)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၄၅) : သေမျိုးတဖန် အပိုင်း(၄)
အထက်တန်းကျောင်းသားတစ်ယောက်က စာရေးစားပွဲပေါ်မှောက်ကာ အိပ်ပျော်နေသည်။ ကိုယ်ပိုင်လေ့လာချိန်ဖြစ်သည့်အတွက် ဆရာက ရောက်မလာသေးသောကြောင့် ကျောင်းသားများက သူတို့ လွတ်လပ်မှု၏ တစ်စက္ကန့်ချင်းစီကို သေချာ ခံစားနေကြသည်။
စာသင်ခန်းတစ်ခုလုံး ဆူညံပွက်လောရိုက်နေသော်လည်း ပြတင်းပေါက်ဘေးတွင် အိပ်ပျော်နေသည့် ကျောင်းသားက နိုးမလာပေ။ သူငယ်ချင်းကောင်း ဖက်တီးကျွင်းက ဆရာလာနေပြီကို သိသည့်အတွက် အိပ်ပျော်နေလျှင် ပြဿနာတက်သွားနိုင်သည်ကို သိထားသည်။ ထို့ကြောင့် သူက သူ့အကောင်းဆုံးသူငယ်ချင်း ဝမ်ဝေ့ဆီ ရောက်လာကာ နှိုးဖို့ ကြိုးစားလိုက်၏။
သူ မလုပ်ဆောင်ရသေးခင် ထိုသူက သူ့ဘာသာသူ နိုးထလာပြီး စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။
" ကံကြမ္မာ ဆက်နွယ်မှုဖြစ်ရပ်၊ ငါ့ရဲ့ သေဆုံးမှုလား" ဝမ်ဝေ့က ရေရွတ်လိုက်ပြီးသည့်နောက်တွင် ပိုမိုစိတ်ရှုပ်ထွေးလာ၏။ သူက ထိုစကားများ၏ အဓိပ္ပာယ်ကိုပင် မသိပေ။ သူက ငယ်ငယ်ရွယ်ရွယ်တွင် သေဆုံးရလိမ့်မည်ဟု ပြောထားသည့် အိပ်မက်တစ်ခုကို မက်ခဲ့ခြင်း ဖြစ်၏။ ပုံမှန်ဆိုလျှင် ထိုအရာသည် အိပ်မက်တစ်ခုကလွဲပြီး ဘာမှမဟုတ်သည့်အတွက် လျစ်လျူရှုထားမိလိမ့်မည်။ သို့သော် အကြောင်းအရင်းတချို့ကြောင့် သူက ထိုအိပ်မက်ကို ယုံကြည်မိ၏။
" မင်း အဆင်ပြေရဲ့လား" ဖက်တီး လီကျွင်းက မေးလိုက်သည်။
" အဆင်ပြေပါတယ်။ အိပ်ပျော်သွားရုံလောက်ပါ"
" ဟုတ်ပြီ ဟုတ်ပြီ ဆရာလုံ ဒီလာနေပြီ။ အဆင်သင့်ပြင်ထား။ ပြီးတော့ သူက မင်းကို မကြိုက်ဘူးလေကွာ"
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် သူ့ကျောပိုးလွယ်အိတ်ထဲမှ ရေသန့်ဘူးကို ထုတ်ကာ မျက်နှာသစ်လိုက်၏။ သူက သူ့သွင်ပြင်ကြောင့် ပြဿနာ မတက်လိုပေ။