ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၇)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၄၈) : သေမျိုးတဖန် နောက်ဆုံးအပိုင်း
ဝမ်ဝေ့က သူ့ကျောင်းထိုင်ခုံမှာ ထိုင်ရင်း အသက်ရှူလိုက် ပြန်ထုတ်လိုက် လုပ်နေသည်။ သူက စားပွဲပေါ် တံတောင်ဆစ် ထောက်ကာ လက်ဖြင့် မှီထားလိုက်၏။
သုံးဆယ်မြောက် ဘဝ...
သူက သေဆုံးမှုကို မည်မျှကြုံတွေ့စေရစေကာမူ တစ်ကြိမ်တိုင်းစီတွင် အတွေ့အကြုံက မသာယာလှပေ။
သူက ဘေးနားမှ ဆူညံသံများကို လျစ်လျူရှုလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။ သူက သူ၏ နှလုံးခုန်သံကို အာရုံစိုက်ထားလိုက်ပြီး ပတ်ဝန်းကျင်၏ ဆူညံသံများမှ ဖြည်းဖြည်းချင်း ကင်းကွာစေလိုက်၏။ သူက သူ့နှလုံးခုန်သံကိုသာ ကြားရတော့သည့်အချိန် တည်ငြိမ်ကာ အေးဆေးလာမိသည်။
ဒါ အလုပ်ဖြစ်မလား ကြည့်ရအောင်...
သူက မျက်လုံးမှိတ်လိုက်ပြီး တရားထိုင်သည့် နည်းစနစ်ကို အသုံးပြုကာ အကြွင်းမဲ့တိတ်ဆိတ်ခြင်း အနေအထားသို့ ဝင်ရောက်လိုက်သည်။ သူက စိတ်၏ အတွင်းပိုင်းသို့ သွားနေစဉ် မျောလွင့်နေသည့် အလင်းရောင်ငါးခုကို မြင်လိုက်ရပြီး သူ့မျက်နှာအထက် ရှားရှားပါးပါး အပြုံးတစ်ခု ထွက်ပေါ်လာသည်။
သူက မျက်လုံးဖွင့်ကြည့်လိုက်သည့်အချိန် သူ့ကို စိုးရိမ်ကြီးစွာ ကြည့်နေသည့် ဖက်တီးကျွင်းကို မြင်လိုက်ရ၏ " မင်းအတွက် တစ်ခုခုရှိတယ်"
" တစ်ခုခုကို ထားဦး။ ဒါနဲ့ အဆင်ပြေရဲ့လား"
" သိပ်မကြာခင် မင်း နားလည်သွားမှာပါ" ဝမ်ဝေ့က ဖက်တီးကျွင်း၏ နဖူးအထက် လက်နှစ်ချောင်းတင်ကာ မျက်လုံးမှိတ်လိုက်သည် " အဲဒါက နာလောက်တယ်။ အဆင်သင့်ပြင်ထား"
ထို့နောက် ချက်ချင်းဆိုသလို ဖက်တီးကျွင်းက နာကျင်စွာ အော်ညည်းလိုက်ရပြီး သူ့အကြည့်များက ပြောင်းလဲသွားကာ ယခင်လို ငယ်ရွယ်တတ်ကြွသည့် ပုံစံ မဟုတ်တော့ပေ။ ထိုအစား ဘဝ၏ လောကဓံများကို ဖြတ်သန်းလာရသည့် အကြည့်မျိုး ဖြစ်နေ၏။ လီကျွင်းက ခဏတာ ယိုင်လဲသွားသည့်အတွက် ဝမ်ဝေ့က ကူတွဲလိုက်ရသည်။