ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၅၀)
မူရင်းရေးသားသူ - lazySageDaoဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၉၉) : ငါးယောက် တစ်ယောက်အပြိုင်
"ငါတို့ကို စောင့်မျှော်နေတဲ့ပုံပဲ" ထိုငါးယောက်အဖွဲ့၏ ခေါင်းဆောင် ထျဲ့ကျုံးက ပြောလိုက်သည်။ သူက ဦးခေါင်းအထက်တွင် တက်တူးများရှိသည့် ကတုံးပြောင်ပြောင် လူတစ်ယောက် ဖြစ်၏။ သူ့သိုင်းဝတ်စုံက အင်္ကျီလက်လည်း မပါသည့်အတွက် လက်မောင်းကြွက်သားများနှင့် တက်တူးများကို ပြသနေလေ၏။ သူက ဘယ်ဖက်တွင် အနီရောင် ပုဆိန်လှံရှည်ကို ကိုင်ဆွဲထားပြီး ပုခုံးပေါ် ပုံမှန်အတိုင်း တင်ထားသည်။
ဝမ်ဝေ့က ထိုသူနှင့် တခြားလူလေးယောက်ဆီမှ ရက်စက်သည့် အငွေ့အသက်ကို ခံစားမိလိုက်၏။ ထိုသူများသည် သူတို့ဘဝတစ်လျှောက်လုံး တိုက်ပွဲများဖြင့် ဖြတ်ကျော်နေထိုင်ခဲ့သူများဖြစ်ကြောင်း သိလိုက်သည်။
"ကြေးစားတွေလား" သူက မေးလိုက်သည်။
"အဲ့လောက်တောင် သိသာနေတယ်လား"
"အင်း ခင်ဗျားတို့က တခြားသူတွေရဲ့ နယ်ရုပ် ဖြစ်လာချင်တဲ့သူတွေဆိုတော့ သိသာတာပေါ့"
ငါးယောက်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သုံးယောက်က ရယ်မောလိုက်ကြသည်။
"ခေါင်းဆောင် သတင်းအချက်အလက်က မှန်နေတာပဲ။ ဒီကောင်လေးက လျှာထက်တယ်" ပိန်ပါးပါးနှင့် တန်ဖိုးကြီးဝတ်စုံကို ဝတ်ဆင်ထားပြီး မျောက်နှင့် တူသည့်လူက ပြောလိုက်သည်။
"အဲ့လိုဖြစ်ပုံပဲ"
"သတိလက်လွတ် မဖြစ်စေနဲ့" တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားသည့် သာမန်နှင့်တူသည့် လျူထုံက ပြောလိုက်သည်။
"သတင်းအချက်အလက်အရဆိုရင် ဒီကောင်လေးက မရိုးရှင်းဘူး"
"အဖွဲ့က ထိုအရာကို ကြားကာ အလေးအနက် ဖြစ်သွားကြသည်။ လျူထုံက သူတို့ကြေးစားအဖွဲ့၏ အကြံပေး ဖြစ်၏။ သူ၏ နည်းဗျူဟာကျကျ စိတ်ထားနှင့် သူတို့အဖွဲ့သည် အခက်အခဲများကို ကျော်ဖြတ်ကာ ကြေးစားစီးပွားရေးလောက၌ ကျင်လည်နိုင်ခဲ့ကြသည်။