အခန်း (၇၀၆) : ဂိုဏ်းရေးကိစ္စအဝဝ
ဝမ်ဝေ့ ဖြေရှင်းရမည့် နောက်ထပ် ကိစ္စကမူ ပင်လယ်နှင့် ပတ်သက်နေသည်။ တာအိုအခွင့်အလမ်းဂိုဏ်းက ပင်လယ်ထဲရှိ အရင်းအမြစ်များကို ပွင့်လင်းမြင်သာ စတင်ယှဉ်ပြိုင်လာခဲ့ပြီး သူတို့ကို လိုက်လံအတုခိုးသည့် တခြားအင်အားစုများလည်း ရှိလာသည်။ သို့သော်လည်း ထိုအပြောင်းအလဲနှင့် ပတ်သက်ပြီး လူနှစ်မျိုးက မပျော်ရွှင်ကြပေ။ တစ်ခုက ပင်လယ်မျိုးနွယ် ဖြစ်ကာ သူတို့က သူတို့၏ ပိုင်နက်အတွင်း မည်သူ့ကိုမှ မရှိလိုကြပေ။
ဒုတိယအမျိုးအစားကမူ လေလွင့်ကျင့်ကြံသူများ ဖြစ်၏။ ပင်လယ်အောက်ခြေကား အဓိကဂိုဏ်းကြီးများနှင့် မျိုးနွယ်စုများက မထိန်းချုပ်ကြသည့် နေရာများထဲမှ တစ်ခုအဖြစ် မှတ်ယူနိုင်သည်။ ထိုနေရာက အဆင့်မြင့် လေလွင့်ကျင့်ကြံသူများအတွက် ယှဉ်ပြိုင်ပြီး အရင်းအမြစ် စုဆောင်းသည့် နေရာတစ်ခု ဖြစ်သည်။ သို့သော်လည်း တာအိုအခွင့်အလမ်းဂိုဏ်း၏ လက်တံက ပင်လယ်အထိ ရောက်ရှိလာပြီဖြစ်ကာ သူတို့၏ ပိုင်နက်များကိုပါ ကျူးကျော်စွက်ဖက်လာသည်။
လေလွင့်ကျင့်ကြံသူ မဟာမိတ်က သူတို့၏ အပြုအမူများကို ပြစ်တင်ရှုံ့ချသည့် စာကို ပို့ခဲ့ပြီး ဤသို့လုပ်ဆောင်ခြင်းကို တားဆီးဖို့ ကြိုးစားနေသည်။ ဝမ်ဝေ့အနေနှင့် သူတို့သည် ပင်လယ်မျိုးနွယ်နှင့် မဟာမိတ်ဖွဲ့ကာ တခြားသော အင်အားစုများအား ပင်လယ်အောက် ရှာဖွေခြင်းကို တားဆီးဖို့ ကြိုးစားနေမည်မှန်း မှန်းဆမိလိုက်၏။
ပင်လယ်က အရင်းအမြစ်တွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုပဲ။ အဓိကက ရေဓာတ်နဲ့ ယင်ဓာတ်ပဲ ရှိတယ်ဆိုပေမဲ့ အာရုံစိုက်ဖို့ သင့်တော်တဲ့ နေရာတစ်ခုဖြစ်နေတုန်းပဲ...
ဝမ်ဝေ့က ဂိုဏ်းထံ ပင်လယ်အကြောင်း စူးစမ်းရှာဖွေရန် အလေးထား အားစိုက်ထုတ်ဖို့ ညွှန်ကြားလိုက်သည်။ သူက ပင်လယ်အောက်ထဲ အမည်မသိ လျှို့ဝှက်ချက်မျိုး ရှိနေခဲ့လျှင် သိစေဖို့ မသေမျိုးကျင့်ကြံသူအဖွဲ့ကိုပင် စေလွှတ်ဖို့ ပြင်ဆင်ထား၏။