အခန်း (၆၉၂) : ဖရိုဖရဲ အခြေအနေ အပိုင်း(၁)
ကျန်းပိယုက သူမဘေးနားမှ လူများကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်သည်။ သူမ၏ ဝန်းကျင်တွင် တာအိုစည်းချက်များ ထွက်ပေါ်နေပြီး မိုးမြေနှင့် သဟဇာတ ဖြစ်နေဟန်ပေါ်၏။ ထိုအရာက နည်းစနစ်တချို့ မဟုတ်သလို သူမ၏ ကြိုးစားမှုကြောင့်လည်း မဟုတ်ဘဲ သူမ၏ တာအိုနှလုံးသားနှင့် ကြည်လင်သည့် စိတ်အနေအထားက တာအိုကို နားလည်စေသည့် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိစေသောကြောင့် ဖြစ်သည်။
သူမက သူမရှေ့မှ လူလေးယောက်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်ကာ သုံးသပ်လိုက်၏။ ထိုလေးယောက်ထဲမှ သုံးယောက်သည် တူညီသည့်အရာတစ်ခု ရှိနေသည်ကို အလျင်အမြန် သတိပြုမိသွားသည်။ သူတို့က အသားအရည် ဖြူဖျော့နေခြင်း ဖြစ်၏။
ယင်ဓာတ်များလွန်းတာက ဒီလိုဖြစ်လာစေတာပဲ...
သူတို့ရဲ့ ကျင့်ကြံရေးနည်းစနစ်က ခန္ဓာကိုယ်ကို လျစ်လျူရှုထားပြီးတော့ ဝိညာဉ်ကို အလေးပေးတယ်။ ပြောရမယ်ဆိုရင် သူတို့က ခန္ဓာကိုယ်ကို လုံးဝပစ်ပယ်ထားတဲ့ပုံပဲ...
သူမက သုံးသပ်လိုက်သည်။ ထိုစဉ် အနည်းငယ် အသားအရည် သွေးနီရောင် ရှိသေးသည့် နောက်ဆုံးလူတစ်ယောက်က ကြွက်သားပြိုင်းပြိုင်းရှိပြီး နှစ်မီတာ မြင့်မားလေသည်။
ကျန်းပိယုက သူ့သွေးကြောအတွင်း စီးဆင်းနေသည့် သွေးများကိုပင် ကြားနေရသည်။
အားကောင်းတဲ့ရုပ်ခန္ဓာပဲ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်မှုကတော့ နိမ့်ကျတယ်...
အစစ်အမှန် ခန္ဓာကိုယ်သန့်စင်သူ ပညာရှင်များက သူတို့၏ ခန္ဓာကိုယ်အတွင်း သွေးစွမ်းအားကို ပိတ်ဆို့ထားသည့်အတွက် သာမန်လူနှင့် မကွဲပြားပေ။ သူတို့တွင် အားကောင်းသည့် ခန္ဓာကိုယ်ရှိကြောင်း မည်သူ့ကိုမှ မသိလိုပါက မည်သူကမှ သတိထားမိမည် မဟုတ်ပေ။
"ရှင်က ဘယ်သူလဲ"
"ငါ့ကို တစ္ဆေသခင်လို့ ခေါ်လို့ရတယ်။" ထိုလေးယောက်အဖွဲ့၏ ခေါင်းဆောင်က ပြောလိုက်သည်။ ထိုအရာက သူ့နာမည်လည်း မဟုတ်သလို ဂုဏ်ပုဒ်လည်း မဟုတ်ဘဲ ယခုလေးမှ အသုံးပြုဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။