ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၄) ပြီးပါပြီ
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၁၆) : တည်ရှိမှုနှင့် ထာဝရ
ဝမ်ဝေ့က သီးသန့်နေရာတစ်ခုသို့ ပျံသန်းမသွားခင် အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်သည်။ သူက သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် သေရည်အိုးတစ်ခုကို ထုတ်ယူကာ လေဟာနယ်အတွင်း လောင်းချလိုက်၏။
" ဘိုးဘေး ကျွန်တော် အားနည်းပြီး ဘာမှမလုပ်နိုင်တဲ့အတွက် တောင်းပန်ပါတယ်။ သေခြင်းတရားက အထီးကျန်ပြီး ဝမ်းနည်းဖို့ကောင်းတဲ့ နေရာတစ်ခုပါ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ တစ်ရက်မှာ ကျွန်တော်တို့ ပြန်ဆုံတွေ့ကြမှာပါ။ အဲဒီမတိုင်ခင် ဆိုးဆိုးရွားရွား ခရီးတစ်ခု သွားနေတယ်လို့ပဲ မှတ်ယူလိုက်ပါ"
သေရည်အိုးကို အပြောင်ရှင်းပြီးသည့်နောက်တွင် သူက လေဟာနယ်ထဲ ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ဝပ်တွားကန်တော့လိုက်၏။ ထို့နောက် ဝမ်ဝေ့၏ မျက်လုံးအထက်တွင် ဆုံးဖြတ်ချက်ချသည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သူက ဘိုးဘေးဝမ်ဝူချန်၏ သေဆုံးမှုအတွက် တာဝန်ရှိသူဖြစ်ရာ ကိစ္စများမှန်ကန်လာဖို့အတွက် လုပ်လို့လိုအပ်သည့် အရာများကို လုပ်ရမည်။
" အတိအကျ ဘာဖြစ်သွားတာလဲ။ အဲဒီခေါင်းဆောင်းပုံရိပ်က ဘယ်သူလဲ"
" ကြည့်ရတာ ရှင့်ရဲ့ အနာဂတ်ကိုယ်က မဟာတာအိုနဲ့ သွားရှုပ်ထားတယ် တူတယ်။ အဲဒါကြောင့် လက်ရှိကိုယ်က ဆွဲသွင်းခံလိုက်ရတာ" ဝူဟုန်က ပြန်ဖြေလေ၏။
" အဲလိုလား။ အာ့ဆို သူက ဘာလို့ ဝင်မစွက်ဖက်ရတာလဲ။ သူက ဘိုးဘေးဝမ်ဝူချန်ကို ဘာလို့ မကယ်ရတာလဲ"
" ဘယ်သူသိမှာလဲ။ သူက အရှင့်ကို လှုံ့ဆော်ပေးချင်တာလဲ ဖြစ်ရင်ဖြစ်မှာပေါ့။ ရှင့်အနာဂတ်ကိုယ်က ဂရုမစိုက်တာလား ဒါမှမဟုတ် တခြားလူတစ်ယောက်လိုမျိုးအထိ ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်တယ်"
" ဒီအခြေအနေက ဒေါသထွက်ဖို့ ကောင်းလိုက်တာ။ ကိုယ်က ဒီဆုံးဖြတ်ချက်တွေကို ချတဲ့သူဆိုပေမဲ့ အဲဒီအနာဂတ်ကိုယ်ကို သွားပြီးတော့ ရိုက်ပစ်ချင်တုန်းပဲ"