ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၇)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၅၈) : မွန်းကျပ်ခြင်း
လီကျွင်းနှင့် ထျဲ့ကန်တို့က တပ်သားငါးသန်းစီ ဦးဆောင်ပြီး အကောင်းဆုံးချပ်ဝတ်နှင့် လက်နက်များကို ဝတ်ဆင်ထားကာ ညီညာစွာ လျှောက်လှမ်းလာကြသည်။ ထိုအဖွဲ့ကို ကြည့်သည့်သူတိုင်းက သူတို့ထုတ်လွှတ်နေသည့် ပြင်းထန်သော အငွေ့အသက်ကို ခံစားမိကြလိမ့်မည်။ သူတို့သည် သွေးနှင့် သတ်ဖြတ်ခြင်းများကို နေသားကျနေသည့် တပ်သားများ ဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားကြလိမ့်မည်။
"ရပ်" လီကျွင်းက အော်ပြောလိုက်သည့်အခါ အားလုံးက ချက်ချင်းဆိုသလို ရပ်တန့်သွားကြသည်။ သူက သူ့အဖွဲ့အားကြည့်လိုက်ပြီးနောက် တချို့က အသက်ပြင်းပြင်းရှူကာ ချွေးထွက်နေသည်ကို တွေ့လိုက်ရသည်။
" သတင်းအချက်အလက်က မှန်နေတာပဲ" လီကျွင်းက သူ့နောက်မှ အဖွဲ့ကို ပြောလိုက်သည်။
" သူတို့တွေက ကီလိုမီတာ ထောင်ချီလောက်ပဲ လျှောက်ရသေးတယ်။ အခုပင်ပန်းနေကြပြီ" ယန်းလီလင်းက ပြောလိုက်သည်။
ထိုတပ်သားများ၏ အားအနည်းဆုံး ကျင့်ကြံဆင့်က ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ဖြစ်ကာ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် များစွာလည်း ပါရှိသည်။ ထိုစဉ် ဒုစစ်သူကြီးများကမူ သူတော်စင်အဆင့်များ ဖြစ်ကြ၏။ ထိုတပ်သားများက အလယ်အလတ်ကမ္ဘာ သို့မဟုတ် အဆင့်မြင့်ကမ္ဘာများဟု ယူဆရသည့် ကမ္ဘာမျိုးတွင် နတ်ဘုရား ဖြစ်နေနိုင်သည်။
သို့သော် ကီလိုမီတာထောင်ချီ လမ်းလျှောက်ပြီးသည့်နောက်တွင် သူတို့က အသက်ပြင်းပြင်းရှူကာ မောပန်းနွမ်းနယ်သည့် အရိပ်အယောင်များ ပြသလာ၏။
" အဲဒါဆိုတော့ တပ်သားတွေရဲ့ အကန့်အသတ်က သူတို့ရဲ့ အင်အားအပြင် သက်လုံကလည်း သေမျိုးတစ်ယောက်လို ကန့်သတ်ခံထားရတာပဲ" ထျဲ့ကန်က ဤကစားပွဲသည် ယုတ္တိ မရှိကြောင်း တွေးမိကာ ပြောလိုက်သည်။