ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၅)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၁၈) : ချီယွမ်၏ အကွက်ကျကျစီစဉ်မှု
လွန်ခဲ့သည့် နှစ်သုံးရာခန့်က ဒိုင်မေးရှင်းအမြင့်တွင်
အန္တိမသဟဇာတက သူ့ကျောင်းဆောင်အတွင်းမှ ရုတ်ချည်းဆိုသလို မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့အကြည့်က ဒိုင်မေးရှင်းအနိမ့်ကို ထိုးဖောက်သွားပြီး မဟာတာအို ပေါ်ထွက်လာကာ လူသုံးယောက်အား တည်ရှိမှုမှ ဖျောက်ဖျက်ပစ်လိုက်သည်ကို ကြည့်နေလိုက်၏။
တားမြစ်ချက်အငွေ့အသက်... သမိုင်းမတိုင်မီ ကမ္ဘာဆီက ထွက်နေတဲ့အရာနဲ့ အတူတူပဲ။ ဒီကောင်လေးက လျှို့ဝှက်ချက်အများကြီး ရှိတယ်ဆိုတာ သိနေတယ်...
သူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် တိတ်တဆိတ် ဝင်ရောက်စွက်ဖက်နိုင်ပြီး သူနှင့် ယှဉ်နိုင်သည့် စွမ်းအားတစ်ခုကို ခံစားမိစဉ်အချိန်ကို ပြန်လည်အမှတ်ရလိုက်မိ၏။
ပထမဦးစွာ သူနှင့် မေတ္တယျတို့ ခံစားမိသည်မှာ အချိန်တိုတောင်းသည့်အတွက် တစ်ခဏမျှ ခြိမ်းခြောက်မှုဟုသာ ထင်ခဲ့ကြသည်။ သို့သော် ယခုတွင် သူက ထိုဖြစ်ရပ်က တားမြစ်ချက်နှင့် ဆက်နွယ်နေပြီး အရာအားလုံး၏ သော့ချက်က ဝမ်ဝေ့ ဖြစ်နိုင်ကြောင်း နားလည်သွားသည်။
အန္တိမသဟဇာတက သူ့စံအိမ်မှ ထွက်လာကာ ဒိုင်မေးရှင်းအနိမ့်ဆီ ဦးတည်လိုက်သည်။ သူ့အင်အားဖြင့် မည်သည့်အရာမှ သူ့အား မတားဆီးနိုင်ပေ။ သာမန်ပုံစံပေါ်သည့် ရသေ့မယ်ကမူ ခြွင်းချက် ဖြစ်၏။
" ငါ့ကို ဘာလို့တားတာလဲ" အန္တိမသဟဇာတက အေးစက်စက်ဖြင့် ပြောလိုက်သည်။
" အဲ့ကလေးကို ထိလို့မရဘူး"
" ငါ လုပ်ချင်တာ လုပ်လို့ရတယ်"
" တကယ်လို့ ကျွန်မသာ ဆန္ဒရှိရင် ရှင့်ကို တားနိုင်တယ်"
အန္တိမသဟဇာတက သူမအား စိုက်ကြည့်လိုက်ပြီး " မင်းရော မလိုချင်ဘူးလား။ သမိုင်းမတိုင်မီ ကမ္ဘာက ဝှက်ထားတဲ့ လျှို့ဝှက်ချက်က ဘာပဲဖြစ်ဖြစ် ရှေ့ဆက်ရမဲ့ လမ်းကြောင်းရဲ့ သော့ချက် ဖြစ်လာလိမ့်မယ်။"